ရေးမြို့နယ်အတွင်း နှစ်ကရင်ရွာတွင် Covid-19 ထိန်းချုပ်နိုင်ရေးအတွက် နာရေးကူညီမှုအသင်းက နေအိမ်တွင် သေဆုံးသူများကို Covid-19 စစ်ဆေးပေးပြီးမှ နားရေးကူညီမှု ဆက်လုပ် လုပ်ဆောင်

ရေးမြို့နယ်အတွင်း နှစ်ကရင်ရွာတွင် Covid-19 ထိန်းချုပ်နိုင်ရေးအတွက် နာရေးကူညီမှုအသင်းက နေအိမ်တွင် သေဆုံးသူများကို Covid-19 စစ်ဆေးပေးပြီးမှ နားရေးကူညီမှု ဆက်လုပ် လုပ်ဆောင်
သြဂုတ် 19, 2021 | Covid-19

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်အတွင်း နှစ်ကရင်ရွာတွင် နာရေးကူညီပေးနေသည့် လူမှုကူညီရေးအသင်းက Covid-19 ထိန်းချုပ်နိုင်ရေးအတွက် Covid-19 တတိယလှိုင်းကာလအတွင်း နေအိမ်တွင် သေဆုံးသူများနှင့် ပတ်သက်၍ သေဆုံးသူများကို Covid-19 စစ်ဆေးပေးပြီးမှ နာရေးကူညီလုပ်ဆောင်ပေးကြောင်း သိရသည်။

နာရေးကူညီမှုအသင်း(နှစ်ကရင်)က Covid-19 ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်တွင် သေဆုံးသူအား သင်္ဂြိုလ်ခြင်း မလုပ်ဆောင်မီတွင် RDT Test Kit ဖြင့် စစ်ဆေးပေးပြီး Covid-19 ကူးစက်ခံထားရကြောင်း အဖြေထွက်ပါက သုဿန်သို့ မိသားစုဝင်များကို မလိုက်ခိုင်းတော့ဘဲ ချက်ချင်း မီးသင်္ဂြိုလ်ပေးပြီး Covid-19 ပိုးမရှိကြောင်း တွေ့ရပါက မိသားစု အနည်းအကျဉ်း လိုက်ပါ ပို့ဆောင်ခွင့်ပေးကြောင်း သိရသည်။

ယင်းအပြင် သေဆုံးသူမှာ Covid-19 ကူးစက်ခံထားရကြောင်း သိရပါက ကျန်မိသားစုဝင်များကိုပါ စစ်ဆေးပေးမှုများ လုပ်ဆောင်ပေးကြောင်းလည်း သိရသည်။

နှစ်ကရင်ရွာ အကွက်(၁၁)တွင် နေထိုင်သူ အသက်(၉၀)နှစ်အရွယ် အမျိုးသားတစ်ဦး ၂၀၂၁ခုနှစ် ဩဂုတ်လ(၁၈)ရက်နေ့က နေအိမ်တွင် သေဆုံးသည့်အခါမှာလည်း နာရေးကူညီမှုအသင်း(နှစ်ကရင်)က ကျန်ရှိသည့် ရုပ်အလောင်းအား RDT Test Kit ဖြင့် စစ်ဆေးရာ Covid-19 ကူးစက်ခံထားရကြောင်း တွေ့ရှိရသည့်အတွက် ညနေပိုင်းအချိန်တွင် ချက်ချင်းမီးသင်္ဂြိုလ်ပေးခြင်းဖြင့် ကူညီပေးခဲ့ကြောင်း သိရသည်။ 

 နာရေးကူညီမှုအသင်း(နှစ်ကရင်)က ယင်းသို့ စစ်ဆေးပေးခြင်းနှင့် ပတ်သက်၍ နာရေးရှင်ထံက အခကြေးငွေကောက်ခံခြင်း မပြုဘဲ ယင်းသို့ စစ်ဆေးပေးနိုင်ရန်အတွက် Test Kit များကို အလှူခံပြီး စစ်ဆေးပေးခြင်း ဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: နာရေးကူညီမှုအသင်း(နှစ်ကရင်)