မိုးကုတ်မြို့ရှိ အုန်းကိုင်းရပ်ကွက်ကို အဝင်အထွက် ရက်အကန့်အသတ်မရှိ ကန့်သတ်

မိုးကုတ်မြို့ရှိ အုန်းကိုင်းရပ်ကွက်ကို အဝင်အထွက် ရက်အကန့်အသတ်မရှိ ကန့်သတ်
အောက်တိုဘာ 13, 2021 | အခြားဒေသများ| Covid-19

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်ရှိ ရေပူရပ်ကွက်မှ အုန်းကိုင်းရပ်အား ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ( ၁၃ )ရက်နေ့မှစတင်၍ ရက်အကန့်အသတ်မရှိ အဝင်အထွက်လုံးဝမပြုရန်  မိုးကုတ်မြို့နယ် ကိုဗစ်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီက သတ်မှတ်ကြောင်း သိရသည်။

မိုးကုတ်မြို့နယ်အတွင်း COVID 19 တတိယလှိုင်းစတင်သည့်၂၀၂၁ ခုနှစ် ဇွန်လမှစ၍ ယနေ့ အောက်တိုဘာလ (၁၃) ရက်နေ့အထိ ပိုးတွေ့လူနာ (၉၃၀)ရှိသည့်အနက် (၈၀) ကျော်သေဆုံးခဲ့ပြီး အုန်းကိုင်းရပ်မှ ပိုးတွေ့လူနာများ၍ ယင်းကဲ့သို့ ကန့်သတ်ခြင်းဖြစ်သည်ဟု ဆိုသည်။

“မိုးကုတ်မှာက ကိုဗစ်ကာကွယ်ဆေးထိုးပြီးပြီဆိုပြီး နှာခေါင်းစည်း ( Mask ) မတပ်ဘဲ သွားလာနေကြသူတွေ ရှိတယ်။ အားလုံးကို Mask တပ်ပြီးမှသွားလာစေချင်တယ်။ အရင်ကလိုပဲ လက်ဆေးတာမျိုး၊ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေတာမျိုးတွေနဲ့နေမှရမယ်။ ရာသီအကူးအပြောင်းကာလ ဖြစ်တဲ့အတွက် တုပ်ကွေးနဲ့ ကိုဗစ် နှစ်ခုလုံး ကို သတိထားပြီး ကာကွယ်ထားဖို့လိုပါတယ်” ဟု မိုးကုတ်မြို့တွင် ကိုဗစ်ကာကွယ်ရေး ပရဟိတ လုပ်ကိုင်နေသူတစ်ဦးက Tachileik News Agency သို့ ပြောသည်။ 

ကန့်သတ်ထားသည့် ကာလအတွင်း အဆိုပါရပ်ကွက်အတွင်းမှ လူများအပြင်မထွက်ရန်နှင့် အပြင်မှလူများ ဝင်ခွင့်မပြုရန်၊ အစားအသောက်နှင့် အရေးပေါ်ကျန်းမာရေးအတွက် သွားလာရန်လိုအပ်ပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ ဆက်သွယ်ရမည်ဟု သတ်မှတ်ထားသည်။

မိုးကုတ်တွင် အတည်ပြုလူနာများကို မိုးကုတ်ပြည်သူ့ဆေးရုံနှင့် စံတော်ဝင်ကုသရေးစင်တာတို့တွင် ထားရှိကြောင်း သိရသည်။