ရခိုင်ပြည်နယ်မှ တဆင့် တိုင်းနှင့်ပြည်နယ်များသို့ COVID-19 ကူးစက်ပြန့်ပွားမှု မရှိစေရေး မကွေး - ရခိုင်နယ်စပ်တွင် အထူးကြပ်မတ် ဆောင်ရွက်နေ

ရခိုင်ပြည်နယ်မှ တဆင့် တိုင်းနှင့်ပြည်နယ်များသို့ COVID-19 ကူးစက်ပြန့်ပွားမှု မရှိစေရေး မကွေး - ရခိုင်နယ်စပ်တွင် အထူးကြပ်မတ် ဆောင်ရွက်နေ
စက်တင်ဘာ 1, 2020
By Tachileik News Agency
ရခိုင်ပြည်နယ်မှ တဆင့်  အခြားတိုင်းနှင့်ပြည်နယ်များသို့ COVID-19 ကူးစက်ပြန့်ပွားမှု မရှိစေရေး မကွေး - ရခိုင်နယ်စပ်တွင် အထူးကြပ်မတ် ဆောင်ရွက်နေ
ရခိုင်ပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှု မပြတ်တောက်စေရေးနှင့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် COVID-19 ရောဂါ အခြားတိုင်းနှင့် ပြည်နယ်များဆီသို့ ပြန့်နှံ့မှုကို ထိန်းချုပ်နိုင်စေရေးအတွက် ပိတ်ဆို့စစ်ဆေးရေးများ ဆောင်ရွက်လျှက်ရှိနေရာ သြဂုတ်လ(၂၆)ရက်နေ့မှစ၍ ရခိုင်ပြည်နယ်ဝင်ပေါက် လမ်းကြောင်း၌ ပျဉ်းဝပူးပေါင်းစစ်ဆေးရေးဂိတ်အပြင် ဂိတ်(၂)ခု တိုးချဲ့ဖွင့်လှစ် စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း မကွေးတိုင်းရဲတပ်ဖွဲ့မှူးရုံး မှ သိရသည်။
“ယခင်က ပျဉ်းဝဂိတ်တစ်ခုထဲထားရှိပြီး ပိတ်ဆို့စစ်ဆေးမှုတွေ ဆောင်ရွက်ခဲ့တာဖြစ်ပေမယ့် အခုချိန်မှာ ရောဂါတွေ့ရှိမှုတွေက ပိုပြီးများလာတာကြောင့် ကာကွယ်ရေးလုပ်ငန်းတွေ ထိရောက်စွာဆောင်ရွက်နိုင်ဖို့အတွက် ဂုတ်ကြီးမှာ တစ်ဂိတ် ဧရာတီ(မကွေး)တံတား မင်းဘူးဘက်ခြမ်းမှာ တစ်ဂိတ် ထားရှိပြီးတော့ ပိတ်ဆို့စစ်ဆေးရေးတွေ ဆောင်ရွက်နေပါတယ်”ဟု မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှိုင်တင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရခိုင်ပြည်နယ်ဘက်မှလာသည့် ကုန်တင်ယာဉ်များအား ပထမ ဂုတ်ကြီးဂိတ်တွင် စစ်ဆေးပြီး ဖြတ်သွားသည့် ယာဉ်အရေအတွက်၊ ယာဉ်ပေါ်ပါ လူအရေအတွက်နှင့် ယာဉ်အမျိုးအစားတို့ကို ပျဉ်းဝဂိတ်သို့ သတင်းပို့ အကြောင်းကြား၍ ပျဉ်းဝဂိတ်ရောက်သည့်အခါ ယာဉ်များကို ပိုးသတ်ဆေးဖျန်းခြင်း၊ mask တပ်ဆင်စေခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ မှတ်တမ်းရယူခြင်းများ ဆောင်ရွက်ကြောင်း သိရသည်။
ယင်းအပြင် ယာဉ်အစီးရေကို စောင့်ဆိုင်း၍ ရဲလုံခြုံရေးယာဉ်ဖြင့် ကုန်တင်ယာဉ်တန်း၏ ရှေ့နောက်ညှပ် ပိတ်ကာ မကွေးတိုင်းကို ကျော်လွန်သွားရောက်မည့် ယာဉ်ဆိုပါက နယ်စပ်ကျော်သည်အထိ ဖြတ်ကျော် ရမည့်မြို့နယ်အသီးသီးမှ ရဲလုံခြုံရေးယာဉ်က ဆင့်ကဲတာဝန်ယူ ပို့ဆောင်ပေးခြင်း၊ တိုင်းအတွင်းရှိ မြို့ နယ်များသို့ သွားရောက်မည့် ယာဉ်ဆိုပါက ရခိုင်ပြည်နယ်သို့ သွားရန်ရောက်ရှိလာသည့်ယာဉ်မှ ယာဉ် မောင်းနှင့် ယာဉ်နောက်လိုက်ချင်း အချိန်းအပြောင်းပြုလုပ်၍ ထွက်ခွာစေခြင်း၊ ရခိုင်ပြည်နယ်ဘက်မှ အုပ်ချုပ်ရေးနှင့် ကျန်းမာရေး ထောက်ခံချက်ပါရှိပြီး တိုင်းအတွင်း အဆင်းတစ်ကြောင်းသာဝင်မည့် ယာဉ်များကိုမူ ဆိုက်ရောက်ရာနေရာဒေသတွင် Quarantine ထားရှိခြင်းများ ဆောင်ရွက်ကြောင်း သိရသည်။
မကွေးတိုင်းကို ဖြတ်ကျော်၍ အခြားတိုင်းနှင့်ပြည်နယ်များသို့ သွားရောက်မည့် ကုန်တင်ယာဉ်များ လမ်းခရီးတွင် ရပ်တန့်ဆင်းသက်မှု မရှိစေရေးအတွက် ရဲလုံခြုံရေးယာဉ်ဖြင့် လိုက်ပါပို့ဆောင်ခြင်းဖြစ်ပြီး နတ်ရေကန်အနီးရှိ ဆီပန့်ဆိုင်တစ်ခုတည်းတွင်သာ ဆီဖြည့်ရန်လည်း ကြပ်မတ်ညွှန်ကြားထားကြောင်း သိရသည်။
ပျဉ်းဝ ပူးပေါင်းစစ်ဆေးရေးဂိတ်မှတ်တမ်းများအရ သြဂုတ်လ(၂၆)ရက်နေ့မှ သြဂုတ်လ(၃၁)ရက်နေ့ အထိ ရခိုင်ပြည်နယ်မှ ဆင်းလာသည့် ကုန်တင်ယာဉ်အရေအတွက် (၂၄၅)စီးရှိခဲ့ပြီး ရန်ကုန်တိုင်း သို့ (၇၁)စီး၊ မန္တလေးတိုင်းသို့ (၅၈)စီး၊ ရှမ်းပြည်နယ်သို့ (၁၁၆)စီး ဖြတ်ကျော်ဆင်းခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်မှ ပြန်လာသည့် မကွေးမြို့နယ် လျှောင်းတော်ဦးကျေးရွာနေသူ ယာဉ်မောင်းတစ်ဦးတွင် သြဂုတ်လ (၃၁)ရက်နေ့က   COVID-19 ပိုးတွေ့လူနာအဖြစ် ကျန်းမာရေးက အတည်ပြုကြေညာခဲ့ပြီးနောက် ပျဉ်းဝ ပူးပေါင်းစစ်ဆေးရေးဂိတ်နှင့် ဂိတ်ဝန်းကျင်လမ်းကြောင်းများ၌ ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းများကို မေတ္တာရှင်လူမှုကူညီရေးအသင်း(ပဒါန်း)မှ ဆောင်ရွက်လျှက်ရှိပြီး ပျဉ်းဝ ဂိတ်စိုက်ရာ ငဖဲမြို့နယ်အတွင်း လိုအပ်သည့်နေရာများတွင်လည်း ဆေးဖြန်းခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

သတင်း/ဓာတ်ပုံ-ဖီးနစ်
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~