တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရသူ အမျိုးသားတစ်ဦး ထပ်မံ ထွက်ပြေး

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရသူ အမျိုးသားတစ်ဦး ထပ်မံ ထွက်ပြေး
ဇူလိုင် 29, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့ရှိ ဆေးရုံဟောင်းအတွင်း၌ ယနေ့ ဇူလိုင်လ(၂၉)နေ့တွင် Covid-19 လာရောက်စစ်ဆေးရာမှ ပိုးတွေ့ရှိရသည်ကို သိရှိသွားသည့် အမျိုးသားတစ်ဦးသည် ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

ထွက်ပြေးသွားသည့် အမျိုးသားသည် တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ၎င်းသည် ပန်းရံအလုပ် လုပ်သည်ဟု သိရပြီး ၎င်းပေးထားသည့် ဖုန်းနံပါတ်ကို ဆက်သွယ်သည့်အခါမှာလည်း ဆက်သွယ်၍ မရတော့ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ဆေးရုံဟောင်းအတွင်း၌ Covid-19 လာရောက် စစ်ဆေးစဉ် ပိုးတွေ့ကြောင်း သိရပြီးနောက် လူနာတင်ယာဉ် လာခေါ်သည်ကို မစောင့်တော့ဘဲ ထွက်ပြေးသွားသည့် ယခု ဖြစ်စဉ်မှာ ဒုတိယမြောက်ဖြစ်ပြီး ပထမလူနာမှာ ၂၀၂၁ခုနှစ် ဇူလိုင်လ(၆)ရက်နေ့ က အမျိုးသားတစ်ဦးလည်း ထွက်ပြေးသွားခဲ့ဖူးပြီး ၎င်းသည်လည်း ယနေ့အထိ ရှာဖွေတွေ့ရှိရခြင်း မရှိကြောင်း သိရသည်။

Covid-19 တတိယလှိုင်းကို ထိန်းချုပ်ရခက်နေသည့် တာချီလိတ်မြို့တွင် နေအိမ်များတွင် မိမိအစီအစဉ်ဖြင့် Covid-19 စစ်ဆေးကာ ပိုးတွေ့သော်လည်း နေအိမ်တွင် သီးခြားနေထိုင်နေသူများရှိနေသလို အကျိုးစီးပွား မထိခိုက်လို၍ ထိတွေ့မှုရှိသူများ နှင့် လုပ်ငန်းအမည် အမှန်မပြောသူ များစွာရှိနေသည်ကို သိရသော်လည်း ခရိုင်/မြို့နယ် Covid-19 ကော်မတီက Covid-19 ထိန်းချုပ်နိုင်ရေးအတွက် စနစ်တကျ လုပ်ဆောင်နိုင်ခြင်း မရှိကြောင်း ဒေသခံများအကြား ပြောဆိုနေကြသည်ကိုလည်းကြားသိရသည်။ 

တာချီလိတ်မြို့တွင် ယနေ့ ဇူလိုင်လ(၂၉)ရက်နေ့ နေ့လည်ပိုင်းအထိ Covid-19 ကူးစက်ခံထားရသူ (၁၂၀၀)နီးပါးအထိရှိလာနေပြီး သေဆုံးသူမှာ (၆)ဦးအထိရှိကာ ဆေးရုံဆင်းခွင့်ရသူမှာလည်း (၅၀၀)ဝန်းကျင်အထိ ရှိသည်ဟု သိရသည်။