လားရှိုးဆေးရုံမှ COVID 19 အတည်ပြုလူနာ ဆေးရုံဆင်းခွင့် ရ၍ ရှမ်းပြည်နယ်တွင်း ကုသမှု ခံယူနေသူ (၅)ဦးသာ ကျန်ရှိ

လားရှိုးဆေးရုံမှ COVID 19 အတည်ပြုလူနာ ဆေးရုံဆင်းခွင့် ရ၍ ရှမ်းပြည်နယ်တွင်း ကုသမှု ခံယူနေသူ (၅)ဦးသာ ကျန်ရှိ
မေ 2, 2020
By Tachileik News Agency
လားရှိုးဆေးရုံမှ COVID 19 အတည်ပြုလူနာ  ဆေးရုံဆင်းခွင့် ရ၍ ရှမ်းပြည်နယ်တွင်း ကုသမှု ခံယူနေသူ (၅)ဦးသာ ကျန်ရှိ

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးပြည်သူ့ဆေးရုံကြီးတွင် ကုသပေးနေသည့် အတည်ပြုလူနာကို ၂၀၂၀ ခုနှစ်၊ မေလ (၂)ရက်နေ့က ဆေးရုံဆင်းပေးလိုက်သဖြင့် ရှမ်းပြည်နယ်အတွင်းမှ COVID 19 အတည်ပြုလူနာ (၇)ဦးအနက် ဆေးရုံဆင်းခွင့်ရသူ (၂)ဦးရှိလာပြီဖြစ်သည်။

သူ့ရဲ့ဓါတ်ခွဲအဖြေနောက်ဆုံး(၂)ကြိမ် ပိုးမတွေ့တော့လို့ ဆေးရုံပေးဆင်းလိုက်ပါတယ်။ ဆေးရုံဆင်းတယ်ဆိုပေမဲ့  ချက်ချင်း မပြန်ရသေးပါဘူး။ ကျောက်မဲမှာ Isolation (သီးခြားနေထိုင်သည့်နေရာ) တစ်ပတ်နေရပါမယ်။ အဲဒီမှာ ဖျားတာတွေ ချောင်းဆိုးတာတွေ မရှိဘူးဆိုရင် အိမ်မှာ Isolation နေရပါမယ်။ အဲဒီမှာလည်း မိသားစုတွေ၊ ဆွေမျိုးတွေနဲ့ မတွေ့ရသေးပါဘူး။ နှစ်ပတ်ပြည့်ရင်တော့ ကျွန်တော်တို့ တစ်ခေါက် ပြန်ခေါ်ပါမယ်။ လိုအပ်ရင်တော့ ပြန်စစ်ပါမယ်

ဟု လားရှိုးပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာဉာဏ်မြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ မေလ(၂)ရက်နေ့တွင် ပြောသည်။

ဆေးရုံဆင်းလူနာကို လားရှိုးပြည်သူ့ဆေးရုံမှ လူနာတင်ယာဉ်ဖြင့် ကျောက်မဲမြို့သို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

အဆိုပါ အတည်ပြုလူနာသည် မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့မှတစ်ဆင့် ပြန်ဝင်လာသည့် ထိုင်းနိုင်ငံမှ နေရပ်ပြန်များမှ တစ်ဦးဖြစ်ပြီး ကျောက်မဲပြည်သူ့ဆေးရုံ၌ စောင့်ကြည့်လူနာအဖြစ် ဓါတ်ခွဲစစ်ဆေးရာမှ မတ်လ (၃၀)ရက်နေ့၌ ရှမ်းပြည်နယ်အတွင်း ပထမဆုံး COVID 19 အတည်ပြုလူနာအဖြစ် ကျောက်မဲပြည်သူ့ဆေးရုံမှ လားရှိုးပြည်သူ့ဆေးရုံသို့ ပြောင်းရွှေ့ကုသပေးခဲ့ခြင်းဖြစ်သည်။

အမှန်ကတော့ ဝန်ထမ်းတွေကလည်း ဒီလိုမျိုးရောဂါနဲ့ ဒီလူနာတွေကို တစ်ခါမှ မကြုံဖူးတော့  ။ ကြောက်စိတ်တော့ရှိတယ်။ ဒါပေမဲ့ ပေးလာတဲ့တာဝန်နဲ့ သူတို့ရဲ့ လူမှုဝန်ထမ်းစိတ်နဲ့  ဖြစ်အောင်လုပ်ကြမယ်ဆိုပြီး လုပ်ကြပါတယ်။ အခက်အခဲကတော့ မျိုးစုံပါပဲ။ ပထမဆုံး စပြီးကုရတာဖြစ်တော့ ဘယ်လောက်ပဲ ဇာတ်တိုက်ထားပြီး လေ့ကျင့် လေ့ကျင့် တစ်ခါတစ်လေမှာတော့ မထင်မှတ်ထားတဲ့ အခက်အခဲလေးတွေ ကြုံရပါတယ်။ ဒါမျိုးတွေကို ကျွန်တော်တို့တွေ စီမံကော်မတီတွေနဲ့ ဝိုင်းပြီး စစ်ဆေးကြရပါတယ်။ အများကြီးပါပဲ ဒါတွေကတော့။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အထက်ဌာနကရော၊ ပြည်နယ်ဒုကရော ပံ့ပိုးမှုတွေ အများကြီးပေးပါတယ်။  ရှမ်းပြည်နယ်အစိုးရကလည်း အများကြီးပံ့ပိုးပါတယ်။ နောက် တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေပါပဲ။ ကျွန်တော်တို့မှာ အဲဒီလူနာရောက်ပြီဆိုတာနဲ့ တစ်နိုင်ငံလုံး အနယ်နယ်အရပ်ရပ်ကနေ ကျွန်တော်တို့မှာ ဘာလိုပြီဆိုတာနဲ့ နောက်တစ်နေ့ကို လာလှူပြီဆိုတဲ့ အကူအညီတွေနဲ့ဆိုတော့ ကျွန်တော်တို့အနေနဲ့ အများကြီးကို လုပ်ရကိုင်ရတာ အဆင်ပြေခဲ့ပါတယ်

ဟု လားရှိုးပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာ ဉာဏ်မြင့်က ပြောသည်။

ရှမ်းပြည်နယ်အတွင်း COVID 19 အတည်ပြုလူနာများ ကုသရန် သတ်မှတ်ထားသည့် ဆေးရုံ (၈) ခု၌ ပါဝင်သည့် လားရှိုးပြည်သူ့ဆေးရုံတွင် ပထမဆုံး COVID 19 လူနာကို ကုသရေးတွင် ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူလူထု၏ ပူးပေါင်းကူညီမှု အပြည့်အဝရခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်တွင် COVID 19 အတည်ပြုလူနာ (၇) ဦးအနက် ဧပြီလ (၂၇)ရက်နေ့က တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံမှ အတည်ပြုလူနာ (Case 29) ဆေးရုံဆင်းခွင့်ရခဲ့ပြီး ဒုတိယမြောက်အဖြစ် မေလ (၂)ရက်နေ့၌ လားရှိုးဆေးရုံမှ အတည်ပြုလူနာ (Case 14) ဆေးရုံဆင်းခွင့်ရခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်အတွင်း မေလ (၂)ရက်နေ့အထိ စဝ်စံထွန်းဆေးရုံတွင် အတည်ပြုလူနာ (၁)ဦး၊ မူဆယ်ပြည်သူ့ဆေးရုံတွင် အတည်ပြုလူနာ (၁)ဦးနှင့် ကျိုင်းတုံပြည်သူ့ဆေးရုံတွင် အတည်ပြုလူနာ (၃)ဦး ကုသမှုခံယူနေဆဲဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~