တာချီလိတ်မြို့တွင် Covid-19 စစ်ဆေးခ ကျပ်(၁၀၀၀၀) မတတ်နိုင်၍ လာမစစ်နိုင်သူ အများအပြားရှိနေ

တာချီလိတ်မြို့တွင် Covid-19 စစ်ဆေးခ ကျပ်(၁၀၀၀၀) မတတ်နိုင်၍ လာမစစ်နိုင်သူ အများအပြားရှိနေ
သြဂုတ် 18, 2021 | Covid-19| ရှမ်းရှေ့
By Tachileik News Agency

COVID - 19 ကူးစက်မှုမြင့်နေသည့် တာချီလိတ်မြို့တွင် သံသယလက္ခဏာရှိနေသော်လည်း စစ်ဆေးခ မတတ်နိုင်၍ မစစ်ဆေးနိုင်သူ အများအပြားရှိနေကြောင်း သိရသည်။

ကျွန်မတော့ ဖျားနေတယ်။ ကိုဗစ်လား တုပ်ကွေးလားတော့မသိဘူး။ အကိုက်အခဲ ပျောက်ဆေးတော့ သောက်ထားတယ်။ သွားစစ်ရင်လည်း ကျပ်(၁၀,၀၀၀)ဆိုတော့ မတတ်နိုင်ဘူးလေ။ ဝင်ငွေက ရှိတာမဟုတ်ဘူး

ဟု ပုန်းထွန်ရပ်ကွက် ကျောက်တောင်နေ အမျိုးသမီးတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

COVID – 19 စစ်ဆေးခအပြင် အတည်ပြုလူနာဖြစ်ပါကလည်း quarantine center များသို့ သွားရန် အိပ်ရာ၊ ဆေးစသည်တို့ ထပ်မံဝယ်ယူရသည့်ကုန်ကျစရိတ်လည်းရှိသဖြင့် စစ်ဆေးမှုမခံယူဘဲ နေအိမ်တွင်သာ ကုသနေကြသူ များလာသည်ဟု သိရသည်။

အသိတစ်ယောက်လည်း ကိုဗစ် သွားစစ်တာ ကျပ် (၁၀,၀၀၀) ကုန်တဲ့အပြင် အိပ်ရာ၊ ဆေးတွေ ဝယ်သွားရတယ် ပြောတယ်။ ကျွန်မလည်း ရပ်ကွက်ထဲ ဈေးလှည့်ပတ်ရောင်းနေတာဆိုတော့ ဘတ် (၂၀၀) လောက်ရှိတဲ့ ကျပ် (၁၀,၀၀၀) မတတ်နိုင်တော့ ဒီတိုင်းပဲ အိမ်မှာပဲ ဟိုဆေးသောက် ဒီဆေးသောက်ပြီး နေနေတယ်။ ဘေးအိမ်တွေကလည်း ဖျားနေကြတယ်။ သူတို့လည်း သွားမစစ်ကြဘူးလေ

ဟု မကာဟိုခမ်းရပ်ကွက်တွင် နေသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့  ဩဂုတ်လ(၁၈)ရက်နေ့တွင် ပြောသည်။

COVID-19 ပထမလှိုင်းနှင့် ဒုတိယလှိုင်းအတွင်းက ကူးစက်မှုထိန်းချုပ်နိုင်ရန်အတွက် အတည်ပြုလူနာနှင့် ထိတွေ့သူများကို ရှာဖွေဖေါ်ထုတ်၍ အသွားအလာကန့်သတ်ကာ အခမဲ့စစ်ဆေးခြင်းတို့ကို လုပ်ဆောင်ပေးခဲ့သော်လည်း တတိယလှိုင်းတွင် မည်သူမဆို အခကြေးငွေ ကောက်ခံ၍ စစ်ဆေးပေးနေခြင်းဖြစ်သည်။

အိမ်ဘေးနားမှာ ဖျားနေသူတွေလည်းများတယ်၊ တစ်ချို့ကလည်း ခေါင်းကိုက်တယ်လို့ ပြောတယ်။ ဆေးရုံဟောင်းမှာ သွားစစ်ကြည့်ပါလားမေးတော့ စစ်ဆေးခ မတတ်နိုင်ဘူး ဆေးပဲ ဝယ်သောက်တော့မယ်လို့ ပြောတယ်။ ခုက ကိုဗစ်လား တုပ်ကွေးလား မခွဲခြားတတ်တော့တဲ့ ကာလဖြစ်နေတယ်

ဟု ဝမ်ကောင်းရပ်ကွက်အတွင်း ကချင်ရွာနေ အမျိုးသမီးတစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင်  COVID - 19 စစ်ဆေးခ ကျပ် (၁၀,၀၀၀) မတတ်နိုင်သည့် ရပ်ကွက်များမှာ အများအားဖြင့် တစ်နေ့လုပ်တစ်နေ့စားများသည့် ရပ်ကွက်များတွင် များပြားနေပြီး  အခက်အခဲများ ရှိကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ယခင် ပထမလှိုင်းနှင့် ဒုတိယလှိုင်းအတွင်းက မြို့မိမြို့ဖ လုပ်ငန်းရှင်များက တာချီလိတ်ခရိုင်/ မြို့နယ်ကိုဗစ်ကော်မတီသို့ အလှူငွေများနှင့် RDT test kit များလှူဒါန်းပြီး ထိတွေ့သူများကို အခမဲ့စစ်ဆေးနိုင်ရန်  ပံ့ပိုးပေးခဲ့ကြသော်လည်း တတိယလှိုင်းအတွက် အလားတူ ပံ့ပိုးခြင်း ရှိ/မရှိ နှင့် ခရိုင်/မြို့နယ်ကော်ဗစ်ကော်မတီအနေဖြင့် Covid-19 ထိန်းချုပ်နိုင်ရေးအတွက် ငွေကြေးမတတ်နိုင်သူများကို အခမဲ့ စစ်ဆေးပေးနိုင်ခြင်း ရှိမရှိကိုတော့  သတင်းဌာနအနေဖြင့် အတည်ပြုနိုင်ခြင်းမရှိပါ။

လက်ရှိတွင် တာချီလိတ်ဆေးရုံဟောင်းရှိ Fever Clinic ၌ အဓိက အားဖြင့် မိမိကိုယ်ကို Covid-19 တတိယရှိသူများကို တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့များတွင်  နံနက် (၉)နာရီမှ နေ့လယ် (၁၂) နာရီအထိ အခကြေးငွေပေး၍ စစ်ဆေးနိုင်ကြမည်ဖြစ်ကြောင်း နှင့် အရေးပေါ်လူနာများအနေဖြင့် ခရိုင်ဆေးရုံကြီးတွင် စစ်ဆေးနိုင်မည်ဖြစ်သော်လည်း စစ်ဆေးခ ကျပ် (၁၀,၀၀၀) ပေးရမည်ဖြစ်ကြောင်း သိရသည်။

သံသယရှိသူများ၊ ထိတွေ့သူများအနေဖြင့် ဆေးရုံဟောင်းအတွင်းရှိ Fever Clinic နှင့် ဆေးရုံကြီးတို့တွင် ကျပ်(၁၀,၀၀၀)ပေးပြီး စစ်ဆေးထားမှသာလျှင် ဆေးရုံနှင့် ပိုးတွေ့လူနာများအားထားသည့် quarantine center များတွင် လက်ခံမည်ဖြစ်ပြီး မိမိအစီအစဉ်ဖြင့် စစ်ဆေးထားခြင်းများအား လက်မခံကြောင်း သိရသည်။