ကျိုင်းတုံမြို့မှ လျှပ်စစ်ဝန်ထမ်း အမျိုးသားတစ်ဦးတွင် Covid-19 ပိုးတွေ့

ကျိုင်းတုံမြို့မှ လျှပ်စစ်ဝန်ထမ်း အမျိုးသားတစ်ဦးတွင် Covid-19 ပိုးတွေ့
ဇူလိုင် 2, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့မှ လျှပ်စစ်ဝန်ထမ်း အမျိုးသားတစ်ဦးတွင် Covid-19 ပိုး စစ်ဆေးတွေ့ရှိကြောင်းသိရသည်။

ယနေ့ ၂၀၂၁ခုနှစ် ဇူလိုင်လ(၂)ရက်နေ့တွင် Covid-19 ပိုးတွေ့ရှိကြောင်း စစ်ဆေးသိရှိရသည့် လျှပ်စစ်ဝန်ထမ်း အမျိုးသားသည် ဇွန်လ(၂၁)ရက်နေ့က တောင်ကြီးမြို့သို့ သွားရောက်ခဲ့ပြီး ဇွန်လ(၂၆)ရက်နေ့တွင် ကျိုင်းတုံမြို့သို့ ပြန်လည်ရောက်ရှိလာပြီးနောက် နေမကောင်းဖြစ်၍ ကျိုင်းတုံ စစ်ဆေးရုံသို့ သွားရောက် စစ်ဆေးကြည့်ရာမှ Covid-19 ပိုးတွေ့ရခြင်း ဖြစ်ကြောင်း သိရသည်။

အတည်ပြုလူနာ နှင့် ထိတွေ့နီးစပ်သူ (၄၀)နီးပါးရှိသည့်အတွက်  ၎င်းတို့ကို အသွားအလာ ကန့်သတ်ထားလိုက်ပြီး ဇူလိုင်လ(၃)ရက်နေ့တွင် RDT Test Kit ဖြင့် Covid-19 စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကျိုင်းတုံမြို့တွင် ဇူလိုင်လ(၂၉)ရက်နေ့က မြန်မာ့စီးပွားရေးဘဏ်မှ ဝန်ထမ်း (၄)ဦးနှင့် တာချီလိတ်မှ လာသည့် (၁)ဦး စုစုပေါင်း (၅)ဦးတွင် Covid-19 တွေ့ရှိထားရပြီး ယနေ့ တွေ့ရှိရသည့် (၁)ဦး အပါအဝင် ဆိုလျှင် စုစုပေါင်း (၆)ဦးရှိနေပြီ ဖြစ်ကြောင်း သိရသည်။

ဇွန်လ(၂၉)ရက်နေ့က ထွက်ပေါ်လာသည့် အတည်ပြုလူနာများနှင့် ထိတွေ့သူ (၅၀)ကျော်ကိုလည်း အသွားအလာ ကန့်သတ်ထားပြီး ပထမအကြိမ် Covid-19 စစ်ဆေးသည့်အခါမှာ ပိုးမတွေ့ရသော်လည်း ဒုတိယအကြိမ် ဆက်လက်စစ်ဆေးရန်အတွက် စီစဉ်ထားကြောင်းလည်း သိရသည်။