တာချီလိတ်မြို့တွင် ဩဂုတ်လ(၁၇)ရက်နေ့၏ နေ့တစ်ပိုင်းအတွင်း သေဆုံးသူ (၃)ဦး ထပ်တိုး

တာချီလိတ်မြို့တွင် ဩဂုတ်လ(၁၇)ရက်နေ့၏ နေ့တစ်ပိုင်းအတွင်း သေဆုံးသူ (၃)ဦး ထပ်တိုး
သြဂုတ် 17, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီး ရောဂါအခံရှိ၍ တာချီလိတ်ခရိုင်ပြည်သူဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေသူ အမျိုးသမီးတစ်ဦး ထပ်မံသေဆုံးသွား၍ ယနေ့တစ်နေ့တာ နေ့တစ်ပိုင်းအတွင်း သေဆုံးသူ (၃)ဦးအထိ ရှိကြောင်း သိရသည်။

 

သေဆုံးသူမှာ အသက်ကြီးပိုင်းအရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ယနေ့ ၂၀၂၁ခုနှစ် ဩဂုတ်လ(၁၇)ရက်နေ့ နံနက်(၁၁)နာရီ (၁၅)မိနစ်ဝန်းကျင်အချိန်က ဆေးရုံတွင် ဆေးကုသမှု ခံယူနေရင်း သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

ယနေ့ ဩဂုတ်လ(၁၇)ရက်နေ့အကူး နံနက်(၁)နာရီဝန်းကျင်အချိန်ကလည်း  မကာဟိုခမ်းရပ်ကွက်မှ အသက်(၄၄)နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးခဲ့သလို၊ နံနက်(၃)နာရီခွဲဝန်းကျင်အချိန်က အသက်(၅၀)နှစ်အရွယ် အမျိုးသမီးသေဆုံးသွားပြီး နံနက်(၁၁)နာရီကျော်တွင်လည်း အမျိုးသမီးတစ်ဦး ထပ်တိုးသေဆုံးသည့်အတွက် ယနေ့ နံနက်တစ်ပိုင်းတွင် သေဆုံးသူ (၃)ဦးအထိ ရှိနေသည်။

နံနက်(၃)နာရီခွဲဝန်းကျင်အချိန်က သေဆုံးသွားသူမှာ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် နေထိုင်သူ အသက်(၅၀)နှစ်အရွယ် အမျိုးသမီး တစ်ဦးဖြစ်ပြီး ၎င်းတွင် Covid-19 ပိုးကူးစက်ခံထားရကြောင်း  ဩဂုတ်လ(၁၂)ရက်နေ့က စစ်ဆေးတွေ့ရှိပြီး ဆေးကုသမှုခံယူနေသည့် (၆)ရက်မြောက်နေ့တွင် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ဩဂုတ်လ(၁၆)ရက်နေ့ကလည်း တစ်နေ့တာအတွင်း   သေဆုံးသူ အမျိုးသား(၃)ဦး နှင့် အမျိုးသမီး(၂)ဦး စုစုပေါင်း (၅)ဦးအထိ တိုးခဲ့သည်။

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီး ရောဂါအခံရှိ၍ ဆေးဝါးကုသမှု ခံယူနေစဉ် ဆေးရုံကြီးတွင် သေဆုံးသွားသူမှာ အနည်းဆုံး (၄၃)ဦးအထက် ရှိနေပြီး နေအိမ်များတွင် မိမိအစီအစဉ်ဖြင့် ဆေးဝါးကုသပြီး သေဆုံးသွားသည့်အခါ Covid-19 ရှိ မရှိ မစစ်ဆေးပဲ သင်္ဂြိုလ်သည်မှာလည်း (၇)ရက်အတွင်း (၃၀)ဝန်းကျင်အထိ ရှိနေသည်။