တာချီလိတ် နှင့် တာလေအကြား ကားနှင့်ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ်မောင်းလာသည့် အမျိုးသား တစ်ဦး သေဆုံး

တာချီလိတ် နှင့် တာလေအကြား ကားနှင့်ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ်မောင်းလာသည့် အမျိုးသား တစ်ဦး သေဆုံး
ဖေဖော်ဝါရီ 12, 2023 | မှုခင်းသတင်း| ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ဒေသအတွင်း၊ တာချီလိတ် နှင့် တာလေအကြား တောင်သုံးလုံးအနီးတွင် ကားနှင့်ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ်မောင်းလာသည့် အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။

ယနေ့ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့ နံနက်(၁၁)နာရီဝန်းကျင်အချိန်က  တာချီလိတ် နှင့် တာလေ သွာလမ်းပေါ် တာချီလိတ်မြို့နယ်အပိုင်း မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ရှင်း(၄)အကျော် တောင်သုံးလုံးအနီးတွင် ယာဉ်တိုက်မှု ဖြစ်ပွားခြင်း ဖြစ်သည်။

ယာဉ်တိုက်မှုကြောင့် ဒဏ်ရာပြင်းထန်ရပြီး သေဆုံးသွားသူ၏ ရုပ်အလောင်းကို ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်း၏ မယ်ယန်းရုံးခွဲ ကူညီရေးအဖွဲ့များက သွားရောက် သယ်ဆောင်ပြီး ရင်ခွဲရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် သေဆုံးသူမှာ အသက်(၂၅)နှစ်အရွယ် ကိုလော်စေ ဆိုသူဖြစ်ကြောင်း သိရသည်။

ယမန်နေ့ကလည်း တာချီလိတ်ယာဉ်ထိန်းရုံးရှေ့တည့်တည့်တွင် ကားနှင့်ဆိုင်ကယ် တိုက်မှုကြောင့် ဆိုင်ကယ်စီးအမျိုးသမီးတစ်ဦး သေဆုံးခဲ့ရသည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သေးသည်။

တာချီလိတ်မြို့တွင် ကားနှင့်ဆိုင်ကယ်များပြားလွန်းပြီး လမ်းကျဉ်းသည့်အတွက် ယာဉ်ကြောပိတ်ဆို့ခြင်း နှင့် ယာဉ်/လမ်း စည်းကမ်းမလိုက်နာခြင်းများကြောင့် ယခုလအတွင်း၌ ယာဉ်တိုက်မှုများ နေ့စဉ် နေ့ရော ညပါ ဖြစ်ပွားနေပြီး ထိခိုက်ဒဏ်ရာရရှိမှုကနေ လူသေဆုံးသည်အထိ ဖြစ်ပွားမှုများနေကြောင်း သိရသည်။

တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ယာဉ်/လမ်း စည်ကမ်းနှင့်ပတ်သက်၍ အသိပညာပေးမှုနည်းပါးခြင်း နှင့် ယာဉ်မောင်းများမှာလည်း စည်းကမ်းလိုက်နာမှု အားနည်းခြင်းကြောင့် ယာဉ်တိုက်မှု နေ့စဉ် ဖြစ်ပွားရခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

 

Photo: ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်း