တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီး ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေရင်း တစ်နေ့တည်း သေဆုံးသူ (၅)ဦး ထပ်တိုး

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီး ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေရင်း တစ်နေ့တည်း သေဆုံးသူ (၅)ဦး ထပ်တိုး
သြဂုတ် 17, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင်  Covid-19 ကူးစက်ခံရပြီး ဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေရင်း ဩဂုတ်လ(၁၆)ရက်နေ့ တစ်နေ့တည်းတွင် သေဆုံးသူ (၅)ဦး ထပ်တိုးကြောင်း သိရသည်။

တစ်နေ့တည်း သေဆုံးသူ (၅)ဦးမှာ အမျိုးသား (၃)ဦး နှင့် အမျိုးသမီး (၂)ဦးတို့ ဖြစ်ပြီး အသက်(၄၈)နှစ်အရွယ်မှ (၇၁)နှစ်အထိ အရွယ်များဖြစ်ကြောင်း သိရသည်။

သေဆုံးသူများမှာ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် နေထိုင်သူ အသက်(၇၁)နှစ်ရှိ အမျိုးသမီးတစ်ဦးဖြစ်ပြီး ၎င်းသည် ယနေ့ ဩဂုတ်လ(၁၆)ရက်နေ့သို့ အကူး နံနက် (၂)နာရီကျော်အချိန်က ‌သေဆုံးသွားပြီး ဝမ်ကောင်းရပ်ကွက်တွင် နေထိုင်သူ အသက်(၆၇)နှစ်ရှိ အမျိုးသမီးတစ်ဦးမှာ နံနက်(၇)နာရီ (၄၅)မိနစ် ဝန်းကျင်အချိန်က သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

ညပိုင်းတွင် တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် နေထိုင်သူ အသက်(၅၇)နှစ်ရှိ အမျိုးသားမှာ ည(၆)နာရီခွဲအချိန်က လည်းကောင်း၊ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၁)မှ အသက်(၅၄)နှစ်အရွယ် အမျိုးသားတစ်ဦးသည် ည(၈)နာရီခွဲဝန်းကျင်အချိန်က လည်းကောင်း၊ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့ပြင်တွင် နေထိုင်သူ အသက် (၄၈)နှစ်အရွယ် အမျိုးသားတစ်ဦးမှာ ည(၁၀)နာရီဝန်းကျင်အချိန်က သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသူများထဲက ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၁)မှ အသက်(၅၄)နှစ်အရွယ် အမျိုးသားတစ်ဦးတွင် Covid-19 ပိုးရှိကြောင်းကို  ဇူလိုင်လ(၂၈)ရက်နေ့က စစ်ဆေးတွေ့ရှိရခြင်းဖြစ်ပြီး ဝမ်ကောင်းရပ်ကွက်တွင် နေထိုင်သူ အသက်(၆၇)နှစ်ရှိ အမျိုးသမီးတစ်ဦးတွင်လည်း Covid-19 ပိုးရှိကြောင်း ဩဂုတ်လ(၁၅)ရက်နေ့က  စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသွားကြသူများမှာ Covid-19 ကူးစက်ခံရပြီး ရောဂါအခံများကြောင့် တာချီလိတ်ခရိုင်ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေရင်း သေဆုံးသွားကြခြင်း ဖြစ်သည်။

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းကို ၂၀၂၁ခုနှစ် ဇွန်လ(၂၈)ရက်နေ့က စတင်ခဲ့ပြီး သေဆုံးမှုကို ဇူလိုင်(၁၈)ရက်နေ့က စတင်လာရာတွင် ယနေ့ ဩဂုတ်လ(၁၆)ရက်နေ့အထိ စုစုပေါင်း သေဆုံးသူ (၄၀)ကျော်အထိ ရှိနေကြောင်း သိရသည်။