တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံထားရပြီး ရောဂါအခံရှိသည့် အမျိုးသမီးတစ်ဦး ထပ်မံ သေဆုံး၍ သေဆုံးသူ (၄၀)ကျော်ရှိလာ

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံထားရပြီး ရောဂါအခံရှိသည့် အမျိုးသမီးတစ်ဦး ထပ်မံ သေဆုံး၍ သေဆုံးသူ (၄၀)ကျော်ရှိလာ
သြဂုတ် 17, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံထားရပြီး ရောဂါအခံရှိသည့် အမျိုးသမီးတစ်ဦး ထပ်တိုးသေဆုံးသွားကြောင်း သိရသည်။

သေဆုံးသူမှာ အသက်(၄၄)နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်အတွင်း  နေထိုင်သူဖြစ်ကြောင်း သိရသည်။

သေဆုံးသွားသူမှာ ဆီးချို၊ သွေးတိုးရောဂါအခံများရှိနေပြီး Covid-19 ပိုးရှိကြောင်း ၂၀၂၁ခုနှစ် ဇူလိုင်လ(၂၃)ရက်နေ့က တွေ့ရှိရခြင်းဖြစ်ပြီး တာချီလိတ်ခရိုင်ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေစဉ် ဩဂုတ်လ(၁၇)ရက်နေ့ အကူးပိုင်း နံနက်(၁)နာရီမထိုးမီ အချိန်က သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ဩဂုတ်လ(၁၆)ရက်နေ့ကလည်း အမျိုးသား(၃)ဦး နှင့် အမျိုးသမီး(၂)ဦး စုစုပေါင်း တစ်နေ့တည်း (၅)ဦးအထိ သေဆုံးခဲ့သည်။

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်း ကာလအတွင်း Covid-19 ကူးစက်ခံရပြီးနောက် ရောဂါအခံကြောင့် သေဆုံးသူ စုစုပေါင်း (၄၀)ကျော်အထိ ရှိလာသည်။