တာချီလိတ်မြို့ပေါ် ရပ်ကွက်များတွင် (၄)ရက်အတွင်း သေဆုံးသူ (၂၀)ဦးရှိပြီး ၎င်းတို့တွင် Covid-19 ပိုးရှိ မရှိ မစစ်ဆေး 

 တာချီလိတ်မြို့ပေါ် ရပ်ကွက်များတွင် (၄)ရက်အတွင်း သေဆုံးသူ (၂၀)ဦးရှိပြီး ၎င်းတို့တွင် Covid-19 ပိုးရှိ မရှိ မစစ်ဆေး 
သြဂုတ် 14, 2021 | Covid-19| ရှမ်းရှေ့

Covid-19  တတိယလှိုင်းအတွင်း Stay at Home သတ်မှတ်ထားရသည့် တာချီလိတ်တွင် နေအိမ်၌ သေဆုံးသူများအား Covid-19  စစ်ဆေးခြင်း မပြုတော့ဘဲ ၉၆ ပါးရောဂါဖြင့်သေဆုံးစာရင်းတွင် ထည့်သွင်းဖေါ်ပြနေရာ ၉၆ ပါးရောဂါဖြင့် သေဆုံးသူများလာနေပြီး (၄) ရက်အတွင်း သေဆုံးသူ (၂၀) ဦးရှိသည်ကို တွေ့ရသည်။

ဘယ်လိုဖြစ်ဖြစ် သေသွားသူတွေမှာ Covid-19  ပိုးရှိ မရှိ သိရအောင် စစ်ဆေးပေးတာမျိုး လုပ်ပေးနိုင်ရင် ကောင်းမယ်လို့ အကြံပြုချင်ပါတယ်။ Positive ဆိုရင်လည်း ထိတွေ့မိသူတွေလည်း စစ်လို့ရမယ်။ နာရေးရော၊ လူနာတင်ယာဉ်ရော လူမှုရေးအသင်းအဖွဲ့တွေက ကူညီပေးနေတာဆိုတော့ သူတို့လည်း သတိထားလို့ရမယ်

ဟု ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

Covid-19  ပထမလှိုင်းနှင့် ဒုတိယလှိုင်းများတွင် သံသယလက္ခဏာရှိသူများ၊ သေဆုံးသူများကို Covid-19  စစ်ဆေးပြီး အတည်ပြုလူနာတစ်ဦးကို တွေ့ရှိပါက ထိတွေ့ဆက်စပ်သူများအား စုံစမ်းရှာဖွေပြီး အသွားအလာကန့်သတ်ကာ Covid-19  စစ်ဆေးသည့်စနစ်ဖြင့် ကူးစက်ပျံ့ပွားမှုကို ထိန်းချုပ်ခဲ့သော်လည်း တတိယလှိုင်းတွင် အဆိုပါလုပ်ငန်းစဉ်အား လုပ်ဆောင်နိုင်ခြင်းမရှိတော့ဘဲ နေအိမ်တွင် သေဆုံးသူများကို ၉၆ ပါးရောဂါဖြင့် သေဆုံးစာရင်းတွင် ထည့်သွင်းလာခြင်းဖြစ်သည်။

လက်ရှိအချိန်ထိ Covid-19  ကူးစက်ခံရကြောင်း စစ်ဆေးအတည်ပြုနိုင်သူ (၂၀၀၀) ဝန်းကျင် တွေ့ထားသည့် တာချီလိတ်တွင်  ဩဂုတ်လ (၁၀) ရက်နေ့မှ ဩဂုတ်လ (၁၃) ရက်နေ့ ညအထိ (၄)ရက်တာကာလအတွင်း ဆေးရုံတွင် ကုသမှုခံယူရင်းသေဆုံးသည့် အတည်ပြုလူနာ အနည်းဆုံး (၆) ဦးရှိသည်ကို တွေ့ရပြီး နေအိမ်၌သေဆုံး၍  ၉၆ ပါးရောဂါဖြင့် သေဆုံးသည့်စာရင်းထည့်ထားသည့် သေဆုံးသူစာရင်း (၂၀) ဦးအထိရှိသည်ကို တွေ့ရသည်။

အဆိုပါ (၄) ရက်တာကာလအတွင်း နေအိမ်များ၌ သေဆုံးသွားသူများတွင် အသက် အငယ်ဆုံး (၈)နှစ်အရွယ်မှ အသက်အကြီးဆုံး (၉၀)နှစ်အရွယ်ဖြစ်သည်ကို တွေ့ရသည်။

လက်ရှိတွင် သံသယရှိသူများအနေဖြင့် ဆေးရုံဟောင်းတွင် ဖွင့်လှစ်ထားသည့် Fever Clinic တွင် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့များတွင်လည်းကောင်း၊ အတည်ပြုလူနာနှင့်ထိတွေ့များအနေဖြင့်  အင်္ဂါ၊ ကြာသပတေး၊ စနေနှင့် တနင်္ဂနွေနေ့များတွင်လည်းကောင်း နံနက် (၉)နာရီမှ နေ့လယ် (၁၂) နာရီအထိနှင့် အရေးပေါ်လူနာများအနေဖြင့် ဆေးရုံကြီးတွင် တစ်ဦးလျှင် ကျပ် (၁) သောင်းနှုန်းဖြင့် စစ်ဆေးနိုင်ကြခြင်းဖြစ်သည်။

အချို့က Covid-19  လက္ခဏာမပြဘဲ သာမန်ရောဂါထင်၍ နေအိမ်တွင် ကုသနေကြပြီး ရောဂါပြင်းထန်၍ ဆေးရုံရောက်လာပါက Covid-19  ဖြစ်နေသည်ကို စစ်ဆေးတွေ့ရတတ်သည်ဟု သိရသည်။ 

ညဖက်တွေဆို အသည်းအသန်ရောက်လာတာမျိုးတွေရှိတယ်။ အိမ်မှာကုနေရင်းမနိုင်တော့တဲ့ သဘောမျိုးလည်း ဖြစ်နိုင်တယ်။ ရောက်တာနဲ့ စစ်ကြည့်လိုက်တော့ ကိုဗစ်တွေ့တာတွေရှိတယ်။

ဟု အမည်မဖော်လိုသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အချို့မှာ စစ်ဆေးခမ တတ်နိုင်ခြင်း၊ အချို့မှာ ပိုးတွေ့ပါက Quarantine Center သွားရမည်ကို ကြောက်လန့်ခြင်းတို့ကြောင့် သံသယလက္ခဏာပြသည်ကို မစစ်ဆေးဘဲနေသူများရှိသည့်အပြင် အခြားရောဂါဟုယူဆပြီး နေအိမ်တွင် ကုသရင်းသေဆုံးသူများကိုလည်း  Covid-19  စစ်ဆေးခြင်းမရှိသည့်အတွက် သက်ဆိုင်ရာဌာနများ၏ Covid-19  အတည်ပြုလူနာစာရင်းမှာ အမှန်တကယ် ဖြစ်ပွားနေသည့် အရေအတွက်မဟုတ်ဘဲ လာရောက်အစစ်ဆေးခံသူများမှ တွေ့ရှိသည့်အရေအတွက်စာရင်းသာ ဖြစ်သည်ကို တွေ့ရသည်။

#TachileikNewsAgency