Covid-19  ထိန်းချုပ်ရေးအတွက်  Stay at Home ကြေညာထားသည့် တာချီလိတ်တွင် လောင်းကစားဂိမ်းခုံများ ဆက်လက်ဖွင့်လှစ်ထား

Covid-19  ထိန်းချုပ်ရေးအတွက်  Stay at Home ကြေညာထားသည့် တာချီလိတ်တွင် လောင်းကစားဂိမ်းခုံများ ဆက်လက်ဖွင့်လှစ်ထား

Covid-19  ထိန်းချုပ်ရေးအတွက် Stay at Home သတ်မှတ်ထားသည့် တာချီလိတ်မြို့တွင် ဈေးများ၊ ဆိုင်များဖွင့်လှစ်ခြင်းကို ကန့်သတ်ထားသော်လည်း လောင်းကစားဂိမ်းခုံအချို့မှာ ဆက်လက်ဖွင့်လှစ်ထားဆဲဖြစ်၍ ရောဂါပျံ့ပွားကူးစက်မည်ကို စိုးရိမ်နေကြရကြောင်း သိရသည်။

ပုံလို့နဲ့အခြားနေရာတွေမှာ ဂိမ်းခုံတွေ နေ့ရော ညရော ခိုးဖွင့်နေကြတယ်။ အရှေ့ပေါက်ပိတ်ပြီး အနောက်ပေါက်ကနေ ဝင်စေတဲ့နည်းနဲ့ ဖွင့်ထားတာ။ ဂိမ်းခုံတွေကြတော့ (၂၄)နာရီဖွင့်ခွင့် ပေးထားတယ်။ ဈေးရောင်းတာတော့ (၁၂)နာရီအထိပဲ ခွင့်ပြုတယ်

ဟု ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။



တာဝန်ရှိသူများအနေဖြင့် Covid-19  ကူးစက်မှုကို လျော့ကျသွားအောင် ထိန်းချုပ်နိုင်ခြင်းမရှိသည့်အပြင် ယင်းကဲ့သို့ တရားမဝင်လောင်းကစားဂိမ်းခုံများ ဖွင့်လှစ်ခွင့်ပေးနေသည့်အတွက် လောင်းကစားသူများက ငွေကြေးလိုအပ်ချက်အရ ခိုးမှုများလည်း များလာသည်ဟု ဒေသခံများက ဆိုသည်။



ဒီလိုကာလမှာ လောင်းကစားဂိမ်းခုံတွေကို  ဘယ်နေရာမှာ ပေးဖွင့်ထားလဲဆိုတာ တာဝန်ရှိသူတွေက အသိဆုံးပါ။  တာချီလိတ်မှာ ကိုဗစ်တွေ ထိန်းမရဖြစ်တာကိုလည်း အလေးထားပေးသင့်တာပေါ့။ နောက်ပြီး ဆိုင်ကယ်ခိုးမှုတွေကလည်း ဒီကာလထဲမှာ ခဏခဏ ဖြစ်နေတယ်။ တာချီလိတ်မှာက လူတွေက စားစရာမရှိလို့ ခိုးတယ်ဆိုတာ ရှားတယ်။ တော်တော်များများက လောင်းကစားကြောင့် ခိုးတာများတယ်။

ဟု ဒေသခံတစ်ဦးက ထောက်ပြဝေဖန်သည်။



တာချီလိတ်မြို့တွင် Covid-19  တတိယလှိုင်းအတွင်း လာရောက်အစစ်ဆေးခံသူများမှ ဩဂုတ်လ (၁၇) ရက်နေ့အထိ အတည်ပြုလူနာ (၂၀၀၀) ကျော် တွေ့ရှိထားပြီး ကူးစက်မှုထိန်းချုပ်ရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်ခြင်းမရှိသေးဘဲ ကူးစက်မှုတိုးနေဆဲဖြစ်သည်။