Stay at Home သတ်မှတ်ထားသည့် တာချီလိတ်မြို့တွင် စည်ပင်၏ ကြပ်မတ်ခြင်းမရှိ၍ အမှန်တကယ် လိုက်နာဆောင်ရွက်နေသည့် ဆိုင်များအတွက် နစ်နာ

Stay at Home သတ်မှတ်ထားသည့် တာချီလိတ်မြို့တွင် စည်ပင်၏ ကြပ်မတ်ခြင်းမရှိ၍ အမှန်တကယ် လိုက်နာဆောင်ရွက်နေသည့် ဆိုင်များအတွက် နစ်နာ
ဇူလိုင် 31, 2021 | Covid-19| ရှမ်းရှေ့

Stay at Home သတ်မှတ်ထားသည့် တာချီလိတ်မြို့တွင် Covid-19 ထိန်းချုပ်ရေးအတွက်  အခြေခံလူသုံးကုန်များကို နေ့လည် (၁၂)နာရီအထိသာ ဖွင့်လှစ်ရောင်းချရန် ကြေညာထားသော်လည်း သက်ဆိုင်ရာက ကြပ်မတ်ခြင်းမရှိ၍ မလိုက်နာသည့် ဆိုင်များရှိနေကြောင်း သိရသည်။



အဆိုပါ သတ်မှတ်ချက်ကို တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနက ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ(၂၇)ရက်နေ့တွင်  အသိပေးကြေညာထားသော်လည်း ကြပ်မတ်နိုင်ခြင်းမရှိ၍ ဆိုင်များဆက်ဖွင့်နေကြရာ အမှန်တကယ်လိုက်နာသည့်ဆိုင်များအတွက် နစ်နာသည်ဟု ထောက်ပြဝေဖန်နေကြသည်။

ကုန်စုံဆိုင်တွေ နေ့လည်(၁၂)နာရီအထိပဲ ရောင်းရမယ်လို့ လက်ထဲ စာရောက်လာတဲ့နေ့မှာပဲ အဲဒီနေ့လယ် (၁၂)နာရီကစပြီး တိတိကျကျ လိုက်နာပြီး ဆိုင်ပိတ်ပေးထားလိုက်တယ်။ မနက်တစ်ပိုင်းပဲ ရောင်းတာပေါ့။ ကျွန်တော်တို့က တိတိကျကျ လိုက်နာပေမဲ့ မြို့ထဲမှာ အချို့ဆိုင်တွေက အချိန်ကျော်လွန် ရောင်းနေတာတွေ။ ဆိုင်တံခါးတစ်ခြမ်းဖွင့်ပြီး ရောင်းနေတာတွေ တွေ့ရတယ်။ ဒါတွေကို စည်ပင်က ဘာလို့ လိုက်မကြပ်မတ်တာလဲ။ အားလုံး တပြေးညီဖြစ်ဖို့တော့ လိုတာပေါ့ဗျာ။ တပြေးညီမဖြစ်တော့ တကယ်တမ်းလိုက်သူအတွက် နစ်နာစေတယ်။ ဆိုင်မှာက ဝန်ထမ်းတွေကလည်းရှိတယ်။ အားလုံးတန်းတူ ပဲ ဖြစ်စေချင်တယ်

ဟု ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ(၃၁)ရက်နေ့တွင် ပြောသည်။

Stay at Home သတ်မှတ်ထားသည့်အတွက် လူစုလူဝေးမဖြစ်စေရန် အခြေခံလူသုံးကုန်၊ ဆေးဝါးပစ္စည်းဆိုင်များကလွဲ၍ မည်သည့်ဆိုင်ကိုမှ လုံးဝဖွင့်လှစ်ခွင့်မပေးကြောင်း စည်ပင်သာယာဌာနက အသိပေးထားခြင်းဖြစ်သည်။

ကျွန်တော့်ဆိုင်တော့ အခုထိ စည်ပင်က ပို့တယ်ဆိုတဲ့ စာလည်းမရောက်ပါဘူး။ ဒါပေမဲ့ လုပ်ဖော်ကိုင်ဖက်တွေကလည်း ပိတ်တော့ လိုက်ပိတ်ထားလိုက်တယ်။ တချို့တွေကတော့ ဖွင့်နေတာတွေ့ရတယ်။ ဖွင့်ခွင့်ထဲ မပါတဲ့ ရွှေဆိုင်တွေတောင် ဖွင့်ထားတာတွေ့နေရတယ်။ ဘယ်လို သတ်မှတ်ချက်တွေ၊ လုပ်ဆောင်ချက်တွေလည်း မသိတော့ဘူး။ အားလုံးတပြေးညီ သတ်မှတ် လိုက်နာမှ ဒါရောဂါကြီးကို ထိန်းချုပ်နိုင်မှာမဟုတ်လား။ ခုက ဖြစ်ချင်သလို လုပ်ချင်သလို လုပ်နေတော့ ဘာထူးတော့မလဲ

ဟု အခြေခံစားသုံးကုန်ရောင်းချသည့် စတိုးဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။

Stay at Home ကာလအတွင်း အခြေခံလူသုံးကုန်များဖြစ်သည့် ဆေးဝါးပစ္စည်းဆိုင်၊ ရေသန့်၊ ဆပ်ပြာ၊ ဆန်၊ ဆီ၊ မုန့်ဆိုင် နှင့် အိမ်ဆိုင်၊ ကုန်စုံဆိုင်၊ စတိုးဆိုင်နှင့် မုန့်မျိုးစုံဆိုင်များသာ သတ်မှတ်ချက်များနှင့် အညီ ဖွင့်လှစ်ရောင်းချခွင့်ပေးထားပြီး ရွှေဆိုင်၊ အိမ်ဆောက်ပစ္စည်းဆိုင်အမျိုးမျိုး၊ ဆံပင်ညှပ်ဆိုင်၊ အလှကုန်ဆိုင်၊ ဝပ်ရှော့ နှင့် လေထိုးကျွတ်ဖာ ဆိုင်ကယ်ပြင်ဆိုင်များ၊ စောင်မွေ့ယာ၊ ခြင်ထောင် စသည့် အိမ်တွင်း ပရိဘောဂအရောင်းဆိုင်၊ ဖုန်းဆိုင်၊ ဖိနပ်ဆိုင်စသည့် အလားတူဆိုင်များအားလုံး လုံးဝ ဖွင့်လှစ် ရောင်းချခွင့်ပြုမည် မဟုတ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနက သတ်မှတ်ထားခြင်း ဖြစ်သည်။

အခြေခံလူသုံးကုန်ထဲမှာ ဖုန်းဆိုင်ကတော့ မရှိမဖြစ် ပါဖို့ လိုအပ်နေတယ်။ ဖုန်းတွေ မရောင်းရရင်တောင် ဖုန်းငွေဖြည့်ကတ်က နေ့စဉ် ရောင်းပေးနေရတာ။ အဲဒီလိုဆို ဘယ်လိုလုပ်ရမလဲရှင့်

ဟု ဖုန်းဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် ဇူလိုင်လ(၃၁)ရက်နေ့အထိ Covid-19 ကူးစက်ခံထားရသူ (၁၃၀၀)နီးပါးအထိ ရှိနေပြီး သေဆုံးသူမှာလည်း (၉)ဦးအထိ ရှိနေပြီး တာချီလိတ်မြို့နယ် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ  စားသောက်ဆိုင်များအားလုံး ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန်၊ ညဈေးများပိတ်ထားရန်အပြင် ဇူလိုင်လ(၂၇)ရက်နေ့က စတင်ကာ ကုန်စုံဆိုင်များနှင့် ဈေးများကို ကန့်သတ်ချက်များ ထုတ်ပြန်ကြေညာခဲ့သော်လည်း ကြပ်မတ်နိုင်ခြင်းမရှိ၍ မလိုက်နာသူများရှိနေသည်ဟု သိရသည်။