ကျောက်မဲမြို့နယ်အတွင်း  ကြူရှောကျေးရွာသို့ ရောက်လာသည့် တိုက်ပွဲရှောင် (၁၀၀)ဝန်းကျင်အတွက် အကူအညီများ လိုအပ်နေ

ကျောက်မဲမြို့နယ်အတွင်း  ကြူရှောကျေးရွာသို့ ရောက်လာသည့် တိုက်ပွဲရှောင် (၁၀၀)ဝန်းကျင်အတွက် အကူအညီများ လိုအပ်နေ
သြဂုတ် 16, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲကျောက်မြို့နယ်အတွင်း ကြူရှောကျေးရွာသို့ တိုက်ပွဲရှောင်များ ရောက်လာနေသည့်အတွက် အစားအသောက် နှင့် စောင်၊ အဝတ်အထည် နှင့် ဆေးဝါးအကူအညီများ လိုအပ်နေကြောင်း သိရသည်။

ကျောက်မဲမြို့နယ်အတွင်း ဟူးစွန်ကျေးရွာအုပ်စု၊ ပန်ဆန်ကျေးရွာအနီးတွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း တိုက်ပွဲများဖြစ်ပွားလာနိုင်ခြေရှိသည့်အတွက် ဒေသခံများက ၂၀၂၁ခုနှစ် ဩဂုတ်လ(၁၅)ရက်နေ့က စတင်ကာ ကြူရှောကျေးရွာသို့ ရောက်ရှိလာကြခြင်း ဖြစ်ကြောင်း သိရသည်။

တိုက်ပွဲရှောင်အဖြစ် ရောက်ရှိလာကြသူများမှဦ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများ အပါအဝင် (၁၀၀)ဝန်းကျင်တို့သည့်  ရာသီဥတုဆိုးရွားနေသည့်ကြားမှ အနီးစပ်ဆုံးဖြစ်သည့် ကြူရှော(မြောက်ဘက်ရွာ)သို့ တိမ်းရှောင် လာကြခြင်းဖြစ်သည်။

 စုစုပေါင်း အိမ်ထောင်စု( ၃၀ )စုမှ လူဦးရေ( ၁၀၀ )ဝန်းကျင်တို့သည် ရုတ်တရက်ထွက်ပြေးလာရခြင်းနှင့် ၎င်းဒေသတွင် မိုးရွာသွန်းနေခြင်းများကြောင့် စောင်၊ အခင်း၊ အဝတ်အထည် စသည်တို့အပြင် စားနပ်ရိက္ခာလဲ လိုအပ်ချက်ရှိနေသည့် အတွက် ကြူရှောကျေးရွာဘုန်းကြီးကျောင်းမှ ဆရာတော် အရှင်တိက္ခဉာဏ၏ ဖုန်းနံပါတ် 09-450450545 / 09-791471111 သို့ ဆက်သွယ်လှူဒါန်းနိုင်သည်ဟု သိရသည်။

ဩဂုတ်လ ( ၁၂ )ရက်နေ့ကလဲ ကျောက်မဲမြို့နယ် ပန်ကွမ်ကျေးရွာအနီးတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အကြား တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် ပန်ကွမ်ကျေးရွာဒေသခံ (၂၆၀)ကျော်သည် ကျောက်မဲမြို့နယ်ရှိ လွယ်ကုန်ကျေးရွာ၊ မိုင်းတင်းကျေးရွာ၊ နမ့်စော့ကျေးရွာတို့ အပါအဝင် မြို့ပေါ်ရပ်ကွက်များထိ ထွက်ပြေး တိမ်းရှောင် လာခဲ့ကြပြီး လက်ရှိအချိန်ထိ တိမ်းရှောင်နေကြဆဲဖြစ်သည်။