ကျောက်မဲမြို့နယ်အတွင်း ပန်ကွမ်ရွာမှ စစ်ရှောင်ရာနှင့်ချီ၍ ကျောက်မဲသို့ တိမ်းရှောင်နေရ

ကျောက်မဲမြို့နယ်အတွင်း ပန်ကွမ်ရွာမှ စစ်ရှောင်ရာနှင့်ချီ၍ ကျောက်မဲသို့ တိမ်းရှောင်နေရ
သြဂုတ် 13, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ် ( မြောက်ပိုင်း ) ကျောက်မဲမြို့နယ်အတွင်း ပန်ကွမ်၊ ရွာဟောင်းနှင့် ပန်ဖြတ်ကျေးရွာအနီး၌ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ( ၁၁ ) ရက်နေ့က စတင်၍  RCSS/SSA  နှင့် TNLA တို့ကြား တိုက်ပွဲဖြစ်နေ၍  ပန်ကွမ်မှဒေသခံ ( ၂၀၀ )ကျော် ကျောက်မဲမြို့ဘက်သို့ တိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာနှင့် စောင်အစရှိသည့် အသုံးအဆောင် ပစ္စည်းများ အရေးပေါ် လိုအပ်ချက်ရှိနေသည်ဟု သိရသည်။

“ပန်ကွမ်မှာရော ရွာဟောင်းမှာရော ပန်ဖြတ်ဘက်မှာရော တိုက်ပွဲကဖြစ်နေတာ။ ပန်ကွမ်ဘက်မှာက ပိုဆိုးတဲ့အတွက် ညီမတို့လည်း ချက်ချင်းကျောက်မဲဘက်ကို မိုးရွာထဲပြေးလာရတာ။ ဘာပစ္စည်းပစ္စယမှ မသယ်နိုင်ခဲ့ဘူး။ ရွာထဲကိုလည်း ကျည်ဆံတွေကျတာရှိတော့ မြန်မြန်ပြေးရတယ်” ဟု ပန်ကွမ်ရွာမှ ကျောက်မဲမြို့သို့ တိမ်းရှောင်လာသူတစ်ဦးက ပြောသည်။

ဩဂုတ်လ ၁၁ ရက်နေ့ကစ၍ ရုတ်တရက်တိမ်းရှောင်လာကြသူများမှာ ကျောက်မဲမြို့အနီးရှိ မိုင်းတင်းကျေးရွာတွင် (၃၀) ဦး၊ နမ့်စော့ကျေးရွာတွင် ( ၇၁) ဦး၊ လွယ်ကုန်ကျေးရွာတွင် (၁၀၀) ကျော်နှင့် ကျောက်မဲမြို့ ပေါ်ရှိ အမှတ် ( ၇ ) ရပ်ကွက် နယ်မြေ ( ၈ ) တွင် (၃၁) ဦးတို့ ရောက်ရှိနေကြသည်ဟု သိရသည်။



လက်ရှိတိမ်းရှောင်လာကြသူများတွင် အဝတ်အထည်၊ စောင်၊ ခြင်ထောင်၊ အခင်းတို့အပြင် ဆန်၊ဆီ၊ဆား အစရှိသည့် အခြေခံစားနပ်ရိက္ခာလည်း လိုအပ်နေကြသည်ဟု သိရသည်။

စစ်ဘေးရှောင်များ အကူအညီလိုအပ်နေမှုနှင့်ပတ်သက်၍ စုံစမ်းလိုပါက ဒေသခံဖြစ်သူ၏ ဖုန်း 09 757075849 နှင့် စစ်ရှောင်များကို ကူညီနေသူ၏ ဖုန်း 09757187324 တို့သို့ ဆက်သွယ်စုံစမ်းနိုင်သည်ဟု သိရသည်။