မူဆယ်နှင့် ကွတ်ခိုင်ကြား ပစ်ခတ်မှုများရှိနေဆဲဖြစ်၍ အချို့နေရာများတွင် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေဆဲ

မူဆယ်နှင့် ကွတ်ခိုင်ကြား ပစ်ခတ်မှုများရှိနေဆဲဖြစ်၍ အချို့နေရာများတွင် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေဆဲ
By Tachileik News Agency

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ ပြည်ထောင်စုလမ်းမကြီးတလျှောက်တွင်  သြဂုတ်လ (၂၅)ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားနေဆဲဖြစ်ပြီး မူဆယ်နှင့် ကွတ်ခိုင်ကြားတွင် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေဆဲဖြစ်သည်။

“ မူဆယ်ဘက်က လာတာတွေက နမ့်အွန်မရောက်ခင်မှာ ဆက်သွားလို့ မရတော့ဘူး။ ကွတ်ခိုင်ဘက်က လာတဲ့ကားတွေကတော့ နမ့်ဖက်ကာကနေ ဆက်သွားလို့ မရတော့ဘူးဖြစ်နေတယ်။ ပစ်ခတ်တာတွေ ရှိနေတော့ ဆက်မသွားကြတော့ဘူး”

ဟု မူဆယ်မြို့မှ လုပ်ငန်းရှင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပြည်ထောင်စုလမ်းမကြီး၏ သိန်းနီမြို့နယ် ရေပူစစ်ဆေးရေးစခန်းအပိုင်းတွင်မူ သြဂုတ်လ (၂၄)ရက်နေ့က ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပိတ်ထားရာမှ သြဂုတ်လ (၂၅)ရက်နေ့တွင် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနေပြီဖြစ်သည်။

ပစ်ခတ်တိုက်ခိုက်မှုများလုပ်ဆောင်နေသည့် TNLA၊ AA နှင့် MNDAA တို့က မြောက်ပိုင်းဒေသတွင် တိုက်ခိုက်မှုများရှိနေစဉ် ကာလအတွင်း ဖြတ်သန်းသွားလာသူများကို စစ်ဆေးမှုများ လုပ်ဆောင်သည်ကို ပူးပေါင်းဆောင်ရွက်ရန် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၅) ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ထားသည်ကိုလည်း တွေ့ရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ပြည်ထောင်စုလမ်းမကြီးတလျှောက်တွင် သြဂုတ်လ (၁၅)ရက်နေ့ကတည်းက စတင်နေသည့် ပစ်ခတ်တိုက်ခိုက်မှုများအတွင်း လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေသည့်အပြင် တိုက်ပွဲရှောင်သူများလည်း ရှိနေခြင်းဖြစ်သည်။