ဥရောပသမဂ္ဂက စစ်အုပ်စုလက်အောက်ခံ ဝန်ကြီးနှင့် တရားသူကြီးချုပ် အပါအဝင် (၁၉) ဦးကို အရေးယူပိတ်ဆို့

ဥရောပသမဂ္ဂက စစ်အုပ်စုလက်အောက်ခံ ဝန်ကြီးနှင့် တရားသူကြီးချုပ် အပါအဝင် (၁၉) ဦးကို အရေးယူပိတ်ဆို့
By Mr John

ဥရောပသမဂ္ဂက အာဏာသိမ်း မြန်မာစစ်အုပ်စု လက်အောက်ခံ ဝန်ကြီးအဆင့်နှင့် အကြီးတန်းအရာရှိများ၊ စစ်တပ်အရာရှိများ၊ စီးပွားရေးသမားများကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်တွင် အရေးယူပိတ်ဆို့မှုများ ချမှတ်လိုက်သည်။ 

အာဏာသိမ်းစစ်အုပ်စု၏ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးကံဇော်နှင့် တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ စီးပွားရေးသမားများနှင့် စစ်တပ်အရာရှိများ အပါအဝင် စစ်အုပ်စုနှင့် ဆက်စပ်နေသူ (၁၉) ဦး၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်လိုက်ပြီး  ဥရောပတွင် ခရီးသွားလာခွင့် ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

အဖွဲ့ဝင် (၂၇) နိုင်ငံပါဝင်သည့် ဥရောသမဂ္ဂက အာဏာသိမ်းစစ်အုပ်စု၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) ၏ ဥရောပရှိ ပိုင်ဆိုင်မှုများကိုလည်း ထိန်းချုပ်ထားကြောင်း သိရသည်။ 

မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေသည့် မူဝါဒနှင့် လုပ်ရပ်များအတွက် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလတွင် စစ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့သည့် နစက၌ တာဝန်ရှိကြောင်း ဥရောပသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ပြောထားသည်။

မြန်မာနိုင်ငံမှာ စစ်တပ်အုပ်ချုပ်မှုအောက်တွင် ဆယ်စုနှစ် (၅) ခုကြာ ရောက်ရှိနေခဲ့ပြီး နိုင်ငံတကာ၏ ဖယ်ကျဥ်မှုနှင့် အရေးယူပိတ်ဆို့မှုများ ကြုံခဲ့ရသည်။

 ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အနိုင်ရပြီးနောက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရွေးကောက်ခံ အရပ်သားအစိုးရတစ်ရပ် ရှိလာခဲ့ရာ နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှု အများစုကို ဖြေလျှော့ပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လာခဲ့သည်။

သို့သော် မြန်မာပြည်သူများအတွက် ဒီမိုကရေစီနေ့ရက်များနှင့် တိုးတက်မှုလမ်းစမှာ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းမှုကြောင့်အဆုံးသတ်ဖြစ်ခဲ့ရသည်။

 ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိမှုကို လက်မခံနိုင်သည့် စစ်အုပ်စုက ရွေးကောက်ပွဲတွင် မဲမသမာမှုရှိသည်ဟု အကြောင်းပြကာ ဥပဒေမဲ့ အာဏာသိမ်းခဲ့ခြင်း ဖြစ်သည်။

စစ်တပ်အာဏာသိမ်းမှုကို မြန်မာပြည်သူလူထုက အကြီးအကျယ် ဆန္ဒပြခဲ့ကြပြီး စစ်တပ်က အကြမ်းဖက်ဖြိုခွင်းခဲ့ရာမှ နောက်ဆုံးတွင် လက်နက်ကိုင်တော်လှန်မှုများ  နိုင်ငံတဝန်း အရှိန်အဟုန်ဖြင့် ပေါ်ပေါက်လာခဲ့သည်။ 

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ဆက်လက်မြင့်တက်နေပြီး  ပဋိပက္ခများ နိုင်ငံတဝန်း ပျံ့နှံ့သွားကာ ဒေသတွင်း ဂယက်ရိုက်ခတ်မှုများရှိသည်ကို ဥရောပသမဂ္ဂက အလွန်စိုးရိမ်ကြောင်း ထုတ်ပြန်ချက်တွင် ပြောထားသည်။

လူ့အခွင့်အရေးချိုးဖောက်မှု၊ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများအတွက် တာဝန်ရှိသူများ အားလုံးကို တရားစီရင်နိုင်ရန် ကြိုးပမ်းမည်ဟု စစ်တပ်အာဏာသိမ်းပြီးနောက် ဥရောပသမဂ္ဂက ကတိပြုခဲ့သည်။ 

ဥရောပသမဂ္ဂက နိုဝင်ဘာလ (၈) ရက်တွင် နောက်ထပ် မြန်မာစစ်အုပ်စုနှင့် ဆက်စပ်သူများကို အရေးယူပိတ်ဆို့မှုများ ချမှတ်လိုက်ခြင်းကြောင့် ယခုအခါ ဥရောပသမဂ္ဂ၏ အရေးယူပိတ်ဆို့မှုခံရသည့် လူပုဂ္ဂိုလ် (၈၄) ဦးနှင့် အစိုးရဌာနနှင့် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်း (၁၁) ခုရှိလာကြောင်း သိရသည်။

ထို့အပြင် ဥရောပသမဂ္ဂက မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှုနှင့် ပြည်တွင်းတွင် အတိုက်အခံများကို ဖိနှိပ်ရန် သို့မဟုတ် ဖုန်းပြောဆိုမှုကဲ့သို့ ဆက်သွယ်ရေးစနစ်များကို စောင့်ကြည့်ရန် အသုံးပြုနိုင်သည့် ကိရိယာများရောင်းချမှုကိုလည်း ပိတ်ပင်ထားသည်။

Source: AFP