ထိုင်းနိုင်ငံတွင် ရွှေဆိုင်လုယက် လူသတ်မှုကျူးလွန်သူသည် ရဲအငြိမ်းစား၏ သားဖြစ်သူ ကျောင်းဆရာဖြစ်ပြီး ရဲတပ်ဖွဲ့၏ သေနတ်ဖြင့် ပစ်သတ်ခံလို၍ ပြစ်မှုကျူးလွန်ခဲ့သည်ဟုဆို

ထိုင်းနိုင်ငံတွင် ရွှေဆိုင်လုယက် လူသတ်မှုကျူးလွန်သူသည် ရဲအငြိမ်းစား၏ သားဖြစ်သူ ကျောင်းဆရာဖြစ်ပြီး ရဲတပ်ဖွဲ့၏ သေနတ်ဖြင့် ပစ်သတ်ခံလို၍ ပြစ်မှုကျူးလွန်ခဲ့သည်ဟုဆို
ဇန်နဝါရီ 23, 2020
By Tachileik News Agency
ထိုင်းနိုင်ငံတွင် ရွှေဆိုင်လုယက် လူသတ်မှုကျူးလွန်သူသည်  ရဲအငြိမ်းစား၏ သားဖြစ်သူ ကျောင်းဆရာဖြစ်ပြီး ရဲတပ်ဖွဲ့၏ သေနတ်ဖြင့် ပစ်သတ်ခံလို၍ ပြစ်မှုကျူးလွန်ခဲ့သည်ဟုဆို

ထိုင်းနိုင်ငံ၊ လော့ဘူရီခရိုင် ရော်ဘင်ဆင်ရှော့ပင်းမောရှိ ရွှေဆိုင်တွင် လူ(၃)ဦးသေဆုံးပြီး (၄)ဦးဒဏ်ရာ ရခဲ့သည့် ပစ်ခတ်လုယက်မှုကျူးလွန်သည့် အစိုးရကျောင်း ဒါရိုက်တာအဖွဲ့ဝင် ကျောင်းဆရာက ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုဖြင့် သေဆုံးသွားချင်၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုကြောင်း သိရသည်။

စိတ်ဖိစီးမှုများလွန်း၍ ရဲတပ်ဖွဲ့၏ သေနတ်ဖြင့် ပစ်သတ်ခံရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်သော်လည်း အခင်းဖြစ်ပွားရာ ဝန်းကျင်တွင် ရဲအစောင့်များ မရှိခဲ့ကြောင်း အသက် (၃၈)နှစ်အရွယ် အစိုးရကျောင်း ဒါရိုက်တာကဆိုသည်။

လော့ဘူရီတွင် ရှော့ပင်းမောအတွင်းရှိ ရွှေဆိုင်တစ်ဆိုင်ကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၉)ရက်နေ့က သေနတ်သမားတစ်ဦးက လုယက်ရာတွင် အသက် (၂)နှစ်အရွယ်ကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် လူ(၇)ဦးကို သွေးအေးအေးဖြင့် ပစ်သတ်ခဲ့ရာ ကလေးငယ်အပါအဝင် (၃) ဦးမှာ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်လုယက်မှုကျူးလွန်သူကို ဇန်နဝါရီလ (၂၂)ရက်နေ့တွင် ၎င်း၏ကျောင်းသို့အသွားလမ်းတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးရာ မခုခံဘဲ အသာတကြည် အဖမ်းခံခဲ့ပြီး ထွက်ဆိုမှုများပေးခဲ့သည်ဟု သိရသည်။

မူလတန်းကလေးငယ်ပေါင်း (၄၀) ဝန်းကျင်ရှိသည့် အစိုးရကျောင်း၏ ဒါရိုက်တာအဖြစ် အသစ်ခန့်အပ်ခံထားရသည့် Prasittichai Khaokaew သည် မဟာဘွဲ့ရရှိထားပြီး လွန်ခဲ့သည့် သုံးနှစ်ခန့်က အိမ်ထောင်ပြုခဲ့ကာ အေးအေးဆေးဆေးနေတတ်သူဖြစ်သည်ဟု ပတ်ဝန်းကျင်က အသိအမှတ် ပြုခံထားရသူဖြစ်သည့်အပြင် ဖခင်မှာ အငြိမ်းစား ရဲတပ်ဖွဲ့ဝင်ဖြစ်ကြောင်း သိရသည်။

Prasittichai Khaokaew သည် ယင်းသို့ ပြုလုပ်ရန် အသုံးပြုသည့် ဆိုင်ကယ်မှာ ယောက္ခမဖြစ်သူ၏ ဆိုင်ကယ်ဖြစ်ပြီး သေနတ်မှာ  အငြိမ်းစား ရဲတပ်ဖွဲ့ဝင် ဖြစ်သူ ဖခင်၏ သေနတ်ကို ယူပြီးအသုံးပြုခြင်း ဖြစ်ကြောင်း သိရသည်။

စီစီတီဗီမှတ်တမ်းများအရ သေနတ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်ပြီး သွေးအေးအေးဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။

Tachileik News Agency
Ref: Bangkok Post
photo: Royal Police

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~