မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံက နိုင်ငံခြားခရီးသွားများထံမှ (၈)လအတွင်း ဝင်ငွေ ဘတ် (၇၇၆)ဘီလီယံကျော် ရရှိ

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံက နိုင်ငံခြားခရီးသွားများထံမှ (၈)လအတွင်း ဝင်ငွေ ဘတ် (၇၇၆)ဘီလီယံကျော် ရရှိ
စက်တင်ဘာ 20, 2023 | နိုင်ငံတကာသတင်း
By Mr John

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းထားမှုကြောင့် ကဏ္ဍပေါင်းစုံ အကျပ်အတည်းဆိုက်နေပြီး နိုင်ငံအနှံ့ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ နိုင်ငံခြားသား ခရီးသွားဧည့်သည် ဝင်ရောက်မှုလည်း မရှိသလောက်နီးပါးပင် ဖြစ်သည်။ 

သို့သော် အိမ်နီးချင်း ထိုင်းနိုင်ငံတွင်မူ COVID-19 ကပ်ရောဂါကာလအလွန် ခရီးသွားကဏ္ဍ တိုးတက်လျက်ရှိပြီး နိုင်ငံခြားသား ခရီးသွားဧည့်သည် ဝင်ရောက်မှုများလည်း သိသိသာသာ မြင့်တက်လာခဲ့သည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁) ရက်မှ စက်တင်ဘာလ (၁၀) ရက်နေ့ အထိ (၈) လကျော်အတွင်း ထိုင်းနိုင်ငံသို့ နိုင်ငံခြား ခရီးသွားဧည့်သည် (၁၈) သန်းကျော် (၁၈,၅၃၀,၂၈၀) ဝင်ရောက်ခဲ့ပြီး ခရီးသွားလုပ်ငန်းမှ ဘတ် (၇၇၅.၂၉၅) ဘီလီယံ  ရရှိကြောင်း  ထိုင်းအစိုးရ ခရီးသွားလုပ်ငန်းနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။

ထိုကာလအတွင်း ထိုင်းသို့လာရောက်မှု အများဆုံး (၃) နိုင်ငံမှာ မလေးရှား (ခရီးသွား ၂,၈၅၄,၂၆၀ ဦး)၊ တရုတ် (ခရီးသွား ၂,၂၀၇,၁၇၄ ဦး) နှင့် တောင်ကိုရီးယား (ခရီးသွား ၁,၀၅၉,၂၆၈ ဦး) တို့ဖြစ်ကြောင်း သိရသည်။ 

စက်တင်ဘာလ (၄) ရက်နှင့် (၁၀) ရက်အထိ သီတင်းပတ်အတွင်း နိုင်ငံခြားသား ခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ ယခင် သီတင်းပတ်နှင့် နှိုင်ယှဥ်ပါက နေရာ‌ဒေသ အားလုံးတွင် မြင့်တက်လာခဲ့ကြောင်း ဝန်ကြီးဌာနက ဆိုသည်။

ထိုသီတင်းပတ်အတွင်း ထိုင်းနိုင်ငံသို့ နိုင်ငံခြား ခရီးသွားဧည့်သည် စုစုပေါင်း (၄၅၄,၂၀၅) ဦး ဝင်ရောက်ခဲ့ပြီး တစ်ရက်လျှင် ပျမ်းမျှ (၆၄,၈၈၇) ဦး ဖြစ်သည်။ 

ထိုင်းနိုင်ငံသို့ နိုင်ငံခြား ခရီးသွား ဝင်ရောက်မှု မြင့်တက်လာခြင်းမှာ တောင်အာရှဒေသမှ ခရီးသွားများ ဝင်ရောက်မှု (၂၀.၀၆) ရာခိုင်နှုန်း မြင့်တက်လာခြင်းကြောင့်ဟု ဆိုသည်။ 

အထူးသဖြင့် အိန္ဒိယနိုင်ငံမှ ခရီးသွားများ ဝင်ရောက်မှုမှာ (၂၂.၂၉) ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။

ထိုအတောအတွင်း တရုတ်ခရီးသွား ဝင်ရောက်မှု (၁၀.၀၈) ရာခိုင်နှုန်း မြင့်တက်လာခဲ့သော်လည်း အာဆီယံနှင့် အရှေ့အာရှမှ ခရီးသွား ဝင်ရောက်မှုမှာ (၂၇.၄၈) ရာခိုင်နှုန်းနှင့် (၂.၀၈) ရာခိုင်နှုန်း အသီးသီး ကျဆင်းသွားခဲ့ကြောင်း သိရသည်။ 

အဆိုပါ သီပတ်အတွင်း ထိုင်းသို့လာရောက်မှု အများဆုံး နိုင်ငံများစာရင်းတွင် မလေးရှားက (၇၀,၄၉၀) ဦးဖြင့် ထိပ်ဆုံးမှ ရပ်တည်နေသည်။ 

မလေးရှားပြီးလျှင် တရုတ်က (၅၃,၅၇၄) ဦး၊ အိန္ဒိယက (၃၂,၉၆၀) ဦး၊ တောင်ကိုရီးယားက (၂၆,၇၅၇) ဦးနှင့် လာအိုက (၂၂,၂၂၀) ဦးတို့ဖြင့် အသီးသီး ရပ်တည်နေကြသည်။

ကမ္ဘာတဝန်း စီးပွားရေး အရှိန်လျော့ကျလာမှုနှင့် ပတ်သက်၍ စိုးရိမ်မှုများကြောင့် စက်တင်ဘာလအတွင်း ထိုင်းနိုင်ငံသို့ နိုင်ငံခြား ခရီးသွားဝင်ရောက်မှု အရေအတွက် ကျဆင်းသွားလိမ့်မည်ဟု Economic Tourism Division က ခန့်မှန်းထားသည်။ 

စက်တင်ဘာလအတွင်း ထိုင်းနိုင်ငံသို့ နိုင်ငံခြား ခရီးသွားဧည့်သည် (၄၅၀,၀၀၀) ခန့် ဝင်ရောက်မည်ဖြစ်ပြီး အများစုမှာ အရှေ့အာရှ၊ တောင်အာရှနှင့် အာဆီယံကဲ့သို့ အနီးအနား ဒေသများမှ ဖြစ်သည်။

 

Source: Khaosod English