ထိုင်းနိုင်ငံသို့ တရုတ်ထုတ် Antigen Test Kits (၈)သန်းခွဲတင်သွင်းမည့် အစီအစဉ် တာဝန်ယူ တာဝန်ခံမှုရှိရန် ကျန်းမာရေးပညာရှင်များ သတိပေး

A Covid-19 antigen test kit - Photo:Bangkok Post
A Covid-19 antigen test kit - Photo:Bangkok Post
ထိုင်းနိုင်ငံသို့ တရုတ်ထုတ် Antigen Test Kits (၈)သန်းခွဲတင်သွင်းမည့် အစီအစဉ် တာဝန်ယူ တာဝန်ခံမှုရှိရန် ကျန်းမာရေးပညာရှင်များ သတိပေး

ထိုင်းနိုင်ငံအတွင်း တရုတ်ထုတ် Antigen Test Kits များ တင်သွင်းရန် စီစဉ်နေသည့် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ အဖွဲ့အစည်းများ အနေဖြင့် ဖြစ်ပေါ်လာမည့် အခြေအနေများအား တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမည်ဟု ကျန်းမာရေးပညာရှင်များက သတိပေးလိုက်သည်။

အရည်အသွေးပြည့်မီမှုနှင့်ပတ်သက်၍ မေးခွန်းထုတ်စရာဖြစ်နေသည့် တရုတ်နိုင်ငံထုတ် Antigen Test Kits (၈) သန်းခွဲကို အစိုးရကျန်းမာရေးအဖွဲ့အစည်းများနှင့် ကုမ္ပဏီအချို့က တင်သွင်းပြီး အများပြည်သူအား ရောင်းချခွင့်ပြုရန် စီစဉ်နေမှုနှင့်ပတ်သက်၍ ကျေးလက်ဆရာဝန်များအဖွဲ့အစည်းက ၂၀၂၁ ခုနှစ် ဩဂုတ်လ (၁၄) ရက်နေ့တွင် သတိပေးလိုက်ခြင်းဖြစ်သည်။

COVID 19 ကုသထိန်းချုပ်ရေးလုပ်နေသည့် ကျန်းမာရေးပညာရှင်များအနေဖြင့် လူနာအား PCR  ထပ်မံစစ်ဆေးရန်မလိုဘဲ စိတ်ချယုံကြည်ရသည့် စစ်ဆေးမှုရလဒ်ထုတ်နိုင်မည့် အရည်အသွေး ပြည့်မီသည့် Antigen Test Kit များရရှိရန်လိုအပ်သည်ဟု ထောက်ပြထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ တင်ဒါအောင်ကုမ္ပဏီအနေဖြင့် အရည်အသွေးအာမခံပေးစေမည်ဖြစ်ပြီး တင်ဒါလုပ်ငန်းစဉ်ကိုလည်း ပွင့်လင်းမြင်သာဆောင်ရွက်မည်ဟု အစိုးရတာဝန်ရှိသူများက ခုခံပြောဆိုထားသည်။

COVID 19 ကူးစက်ခံထားရသူများတွင် ကိုယ်တွင်းခုခံအားကို စစ်ဆေးသည့် Antigen Test Kit များ အသုံးပြုခြင်းကို အမေရိကန်ပြည်ထောင်စုတွင် တားမြစ်ထားသော်လည်း ထိုင်းနိုင်ငံက အဆိုပါ test kit များ တင်သွင်းရန် စီစဉ်နေခြင်းဖြစ်သည်။

ထိုင်းနိုင်ငံတွင် COVID 19 ကာကွယ်ဆေးထိုးနှံခြင်းတွင်လည်း တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးထက် ဥရောပနှင့် အမေရိကန်ထုတ် ကာကွယ်ဆေးများကို အသုံးပြုရန် ထိုင်းပြည်သူများ၏ တောင်းဆိုမှုကိုလည်း အစိုးရအနေဖြင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

#TachileikNewsAgency

Source: Bangkok Post