အမေရိကန် ကွန်ဂရက်လွှတ်တော်ကို စီးနင်းတိုက်ခိုက်မှုဖြင့် Oath Keepers အဖွဲ့ခေါင်းဆောင်ကို ထောင်ဒဏ် (၁၈) နှစ် ချမှတ်

အမေရိကန် ကွန်ဂရက်လွှတ်တော်ကို စီးနင်းတိုက်ခိုက်မှုဖြင့် Oath Keepers အဖွဲ့ခေါင်းဆောင်ကို ထောင်ဒဏ် (၁၈) နှစ် ချမှတ်
By Mr John

အမေရိကန်နိုင်ငံတွင် ဒေါ်နယ်ထရမ့်ကို သမ္မတအဖြစ် ဆက်ရှိနေစေရန် ကြံစည်လုပ်ဆောင်ခဲ့သည့် ကွန်ဂရက်လွှတ်တော် အဆောက်အအုံအတွင်း ဆူပူအုံကြွ စီးနင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ လက်ယာစွန်းရောက် Oath Keepers လက်နက်ကိုင်အဖွဲ့ တည်ထောင်သူ အသက် (၅၈) နှစ်အရွယ် Stewart Rhodes ကို ၂၀၂၃ခုနှစ် မေလ (၂၅) ရက်နေ့က ထောင်ဒဏ် (၁၈) နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

၎င်းအပြင် ဒုတိယ Oath Keepers အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဖလော်ရီဒါပြည်နယ် ကိုယ်စားပြု Kelly Meggs ကိုလည်း ထောင်ဒဏ် (၁၂) နှစ် ချမှတ်ခဲ့သည်။ 

၎င်းတို့ (၂) ဦးကို ပြစ်ဒဏ်ချမှတ်မှုများမှာ အမေရိကန်တွင် ဆယ်စုနှစ်တစ်ခုအတွင်း နိုင်ငံတော်ကို အကြည်ညိုပျက်စေရန် ပူးပေါင်းကြံစည်မှုဖြင့် ပထမဆုံး ပြစ်ဒဏ်ချမှတ်မှုလည်း ဖြစ်လာကြောင်း CNN သတင်းက ဖော်ပြသည်။

Oath Keepers အဖွဲ့တည်ထောင်သူ Rhodes ကို ချမှတ်လိုက်သည့် ပြစ်ဒဏ်မှာ လက်ရှိအချိန်အထိ ကွန်ဂရက်လွှတ်တော် စီးနင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ နှစ်အရှည်ကြာဆုံး ထောင်ဒဏ်ဖြစ်ကြောင်း သိရသည်။ 

အစိုးရရှေ့နေများက Rhodes ကို ထောင်ဒဏ် (၂၅) နှစ်နှင့် Meggs ကို ထောင်ဒဏ် (၂၁) နှစ် ချမှတ်ရန် တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။ 

Rhodes မတိုင်မီက ထိုဖြစ်စဥ်အတွင်း ရဲတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့သည့် ပင်ဆယ်လ်ဗေးနီးယားပြည်နယ်မှ အမျိုးသားတစ်ဦးကို ထောင်ဒဏ် (၁၄) နှစ် ချမှတ်ခဲ့သည်။

Oath Keepers အဖွဲ့တည်ထောင်သူ Rhodes မှာ Yale တက္ကသိုလ်ဘွဲ့ရ ရှေ့နေနှင့် အမေရိကန်စစ်တပ် လေထီးတပ်သားဟောင်း ဖြစ်သည်။ 

ကွန်ဂရက်လွှတ်တော်ကို  စီးနင်းတိုက်ခိုက်သည့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၆) ရက်နေ့တွင် လူ (၅) ဦး သေဆုံးခဲ့ပြီး နောက်ပိုင်းတွင် လုံခြုံရေးတာဝန်ကျ ရဲအရာရှိ (၄) ဦး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ကြသည်။

၂၀၂၀ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကင်ပါတီမှ ထရမ့် ရှုံးနိမ့်ခဲ့ပြီးနောက် Oath Keepers အဖွဲ့ဝင်များ ပါဝင်သော ထရမ့်ကိုထောက်ခံသည့် လက်နက်ကိုင် ဆူပူသောင်းကျန်းသူ လူအုပ်စုက ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၆) ရက်နေ့တွင် လွှတ်တော်အဆောက်အအုံကို စီးနင်းတိုက်ခိုက်ခဲ့ကြသည်။

 ၂၀၂၀ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီမှ ဂျိုးဘိုင်ဒန် အနိုင်ရရှိကြောင်း ကွန်ဂရက်လွှတ်တော်တွင် တရားဝင် အတည်ပြုမှုကို တားဆီးရန် စီးနင်းတိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

 

Source: CNN, Reuters

Photo: REUTERS/Jim Urquhart, Jose Luis Magana/AP