တာချီလိတ်မြို့ ဝမ်ပုံနယ်မြေရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦး စစ်အာဏာရှင်ကို ဆန့်ကျင်ပြီး KDF နှင့် ပူးပေါင်း

တာချီလိတ်မြို့ ဝမ်ပုံနယ်မြေရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦး စစ်အာဏာရှင်ကို ဆန့်ကျင်ပြီး KDF နှင့် ပူးပေါင်း
ဒီဇင်ဘာ 13, 2021 | ရှမ်းရှေ့

တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စုအတွင်းရှိ ဝမ်ပုံနယ်မြေရဲစခန်းမှ  ရဲတပ်ကြပ်နေလင်းအောင်သည် စစ်အာဏာရှင်ကိုဆန့်ကျင်ပြီး ပြည်သူနှင့်အတူ ရပ်တည်ရန်အတွက် လာရောက်ပူးပေါင်းသွားကြောင်း သိရသည်။

ဝမ်ပုံနယ်မြေရဲစခန်းမှ ကိုယ်ပိုင်အမှတ် လ - ၁၅၉၂၉၈ ရဲတပ်ကြပ်နေလင်းအောင်သည် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့သို့  (တွဲဖက်) နှစ်လတာဝန်ကျစဥ် စစ်အာဏာရှင်ပြုတ်ကျရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးအတွက် ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) သို့ လာရောက်ပူးပေါင်းခဲ့ခြင်းဖြစ်သည်ဟု  ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁၃) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ ရဲတပ်ကြပ်အား CDM စစ်သားနှင့် ရဲများကို လက်ခံကြိုဆိုနေသည့် ပြည်သူ့ရင်ခွင်နှင့် ဆက်လက်ချိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ပြည်သူနှင့်အတူ ရပ်တည်လိုသည့် တပ်မတော်သားများနှင့် ရဲဝန်ထမ်းများအား ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) မှ ကြိုဆိုလျက်ရှိသည်ဟုလည်း ထုတ်ပြန်ထားသည်။

ယင်းအပြင် တပ်နှင့်ရဲ CDM တို့ကို  ပြည်သူ့ရင်ခွင် - People's Embrace က ကာကွယ်ရေးဝန်ကြီးဌာန Ministry of Defence - National Unity Government of Myanmar နှင့်ပူးပေါင်း၍  စိစစ်ဆောင်ရွက်ပေးနေရာ  ပြည်သူ့ရင်ခွင်အဖွဲ့ကို http://t.me/MyanmarPeople ( @MyanmarPeople Telegram ) မှ ဆက်သွယ်နိုင်ကြောင်း ကြေညာထားသည်။