တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီး ရောဂါအခံကြောင့် အသက်(၈၀)ကျော် အမျိုးသား(၂)ဦး ထပ်မံ သေဆုံး

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီး ရောဂါအခံကြောင့် အသက်(၈၀)ကျော် အမျိုးသား(၂)ဦး ထပ်မံ သေဆုံး
သြဂုတ် 10, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီး ရောဂါအခံရှိ၍ ယနေ့ ဩဂုတ်လ(၁၀)ရက်နေ့ နေ့တစ်ပိုင်းတည်းအချိန်တွင် အသက်(၈၀)ကျော် အမျိုးသား(၂)ဦး ထပ်မံသေဆုံးသွား၍ သေဆုံးသူ စုစုပေါင်း (၂၆)ဦးအထိ ရှိလာကြောင်း သိရသည်။

ယနေ့ နေ့တစ်ပိုင်းအတွင်း သေဆုံးသွားသူမှာ အသက်(၈၁)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းသည် တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်အတွင်း၌ နေထိုင်သူဖြစ်ပြီး Covid-19 ကူးစက်ခံရ၍ ရောဂါအခံကြောင့် ဩဂုတ်လ(၅)ရက်နေ့က တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေရင်း သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

ဒုတိယမြောက်သေဆုံးသူမှာ အသက်(၈၅)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းသည် နေအိမ်တွင် မကျန်းမာနေသူဖြစ်ပြီး ဆေးရုံသို့ ရောက်ရှိစဉ် ခဏအတွင်း၌ သေဆုံးသွားသည့် Covid-19 ကူးစက်ခံရသူ ရောဂါအခံရှိသူ ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ဩဂုတ်လ(၉)ရက်နေ့အထိ Covid-19 ကူးစက်ခံရသူ (၁,၈၂၉)ဦးအထိရှိနေပြီး သေဆုံးသူမှာ ယနေ့ ဩဂုတ်လ(၁၀)ရက်နေ့ နေ့လည်ပိုင်းအချိန်အထိ အမျိုးသား (၁၄)ဦး နှင့် အမျိုးသမီး (၁၂)ဦး စုစုပေါင်း (၂၆)ဦးရှိနေကြောင်း သိရသည်။