တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်အတွင်းမှ Covid-19 ကူးစက်ခံရသူများကို တစ်ဦးလျှင် ဘတ်(၅၀၀) ထောက်ပံ့ပေးမည်ဖြစ်၍ အာခါနှစ်ခြင်းခရစ်ယာန်အသင်းတော်သို့ ဆက်သွယ် အကူအညီတောင်းခံနိုင်

တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်အတွင်းမှ Covid-19 ကူးစက်ခံရသူများကို တစ်ဦးလျှင် ဘတ်(၅၀၀) ထောက်ပံ့ပေးမည်ဖြစ်၍ အာခါနှစ်ခြင်းခရစ်ယာန်အသင်းတော်သို့ ဆက်သွယ် အကူအညီတောင်းခံနိုင်
သြဂုတ် 9, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့ ရန်အောင်မြေ(ပါလျှံ)ရပ်ကွက်အတွင်း Covid-19 ကူးစက်ခံရပြီး အခက်အခဲဖြစ်နေသူများအား တစ်ဦးလျှင် ဘတ်(၅၀၀)နှုန်းဖြင့် လူဦးရေ အကန့်အသတ်ဖြင့် ကူညီပေးသွားမည်ဖြစ်၍ ပါလျှံ (၂) အာခါနှစ်ခြင်းခရစ်ယာန်အသင်းတော်သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

ကျွန်တော်တို့ ဦးစားပေးမှာကတော့ Covid-19 ကူးစက်ခံရထားတဲ့သူတွေကို ကျွန်တော်တို့က ဦးစားပေးမှာ။ အခုက တခုအကန့်သတ်ရှိတယ်။ ကျွန်တော်တို့ ရန်အောင်မြေရပ်ကွက်အတွင်းက လူတွေကို ကူညီပေးဖို့ တိုင်ပင်ထားကြပါတယ်။ လောလောဆယ်  ကိုဗစ် ကူးစက်ခံထားရတာ မဟုတ်တဲ့လူလည်း ဆက်သွယ်လာတာရှိနေတယ်။ ကျွန်တော်တို့ ဘယ်လိုလုပ်ပေးနိုင်မလဲဆိုတာကို တိုင်ပင်ရဦးမယ်။ ကျွန်တော်တို့ဘက်က အစလည်း ဖြစ်တယ်။ အခုလောလောဆယ် ကျွန်တော်တို့ဆီ ဆက်သွယ်လာတဲ့လူလည်းရှိတယ်။ ဒါပေမဲ့ ဆက်သွယ်လာတဲ့ လူတွေထဲမှာ ရောဂါကူးစက်ခံထားရသူမဟုတ်ဘဲ အခက်အခဲရှိတဲ့သူတွေလည်း ရှိတယ်။ အဲ့ဒါကို ကျွန်တော်တို့ ဘယ်လို လုပ်ပေးနိုင်မလဲဆိုတာကိုလည်း ပြန်တိုင်ပင်ဖို့ရှိပါတယ်။

ဟု ပါလျှံ (၂) အာခါနှစ်ခြင်းခရစ်ယာန်အသင်းတော်မှ တာချီလိတ်သတင်းအေဂျင်စီသို့ ဩဂုတ်လ(၉)ရက်နေ့တွင် ပြောသည်။

ပါလျှံ (၂) အာခါနှစ်ခြင်းခရစ်ယာန်အသင်းတော်အနေဖြင့် တာချီလိတ်မြို့ ရန်အောင်မြေ(ပါလျှံ)ရပ်ကွက်အတွင်း Covid-19 ကူးစက်ခံထားရပြီး အမှန်တကယ် အခက်အခဲဖြစ်နေသူ (၄၀)ဦးကို ပထမအကြိမ် တစ်ဦးလျှင် ဘတ်(၅၀၀)နှုန်းဖြင့် ကူညီပေးနိုင်ရန် စီစဉ်နေခြင်း ဖြစ်သည့်အတွက် ရန်အောင်မြေရပ်ကွက်အတွင်းမှ Covid-19 ကူးစက်ခံထားရပြီး အခက်အခဲဖြစ်နေသူများအနေဖြင့် ဖုန်း 09892532812 , 09891035523 နှင့် 09256604229 တို့ထံ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

တာချီလိတ်မြို့ပေါ်တွင် ရပ်ကွက်ပေါင်း(၁၁)ရပ်ကွက်ရှိရာ  ယခုလို ရပ်ကွက်တစ်ခုအတွင်း ထောက်ပံ့မှုအဖြစ် ရန်အောင်မြေ(ပါလျှံ)ရပ်ကွက်အတွက် ပါလျှံ (၂) အာခါနှစ်ခြင်းခရစ်ယာန်အသင်းတော်က စတင် လုပ်ဆောင်လာခြင်း ဖြစ်သည်။

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းအတွင်း ၂၀၂၁ခုနှစ် ဇွန်လ(၂၈)ရက်နေ့မှ ဩဂုတ်လ(၉)ရက်နေ့အထိ ရန်အောင်မြေ(ပါလျှံ)ရပ်ကွက်အတွင်းတစ်ခုတည်းတွင် Covid-19 ကူးစက်ခံထားရသူ (၁၇၁)ဦးအထိရှိနေကြောင်း သိရသည်။

တာချီလိတ်မြို့တွင် Covid-19 ကူးစက်မှုမြှင့်တက်နေပြီး Stay at Home လည်း သတ်မှတ်ထားရှိရာ လုပ်ငန်းတော်တော်များများ နှင့် စားသောက်ဆိုင်များ ပိတ်သိမ်းထားရသည့်အတွက် စားဝတ်နေရေးအတွက် အခက်အခဲများနှင့် ရင်ဆိုင်နေရသူများရှိနေခြင်းကြောင့် တာချီလိတ်မြို့မှ အသင်းအဖွဲ့များ စေတနာရှင်များက တတ်နိုင်သည့်ဘက်က ပြည်သူမှ ပြည်သူသို့ အစီအစဉ်အနေဖြင့် ထောက်ပံ့လှူဒါန်းမှုများ လုပ်ဆောင်နေသည်များလည်း ရှိကြောင်း သိရသည်။