တာချီလိတ်မြို့တွင်  Covid-19 ကူးစက်မှု ပြန်လည်စတင်မှုအဖြစ် အမျိုးသား (၂)ဦးတွင် Covid-19 တွေ့ရှိ 

တာချီလိတ်မြို့တွင်  Covid-19 ကူးစက်မှု ပြန်လည်စတင်မှုအဖြစ် အမျိုးသား (၂)ဦးတွင် Covid-19 တွေ့ရှိ 
စက်တင်ဘာ 21, 2022 | Covid-19| ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်မြို့တွင် ခရီးသွားရန်အတွက် Covid-19 စစ်ဆေးရာမှ အမျိုးသား(၂)ဦးတွင် Covid-19 တွေ့ရှိရကြောင်း သိရသည်။

ယနေ့ ၂၀၂၂ခုနှစ် စက်တင်ဘာလ(၂၁)ရက်နေ့တွင် တာချီလိတ်ဆေးရုံဟောင်းအတွင်း Covid-19 စစ်ဆေးနိုင်သည့် Fever Clinic တွင် စစ်ဆေးရာက Covid-19 ပိုးတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

ပိုးတွေ့ အမျိုးသား (၂)ဦးမှာ တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အတွင်း အာခါဈေးလမ်းအနီးရှိ အိမ်ခန်းငှားတွင် နေထိုင်သူများဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ယခုလို တရားဝင် စစ်ဆေး၍သာ Covid-19 တကျော့ပြန်လည် တွေ့ရှိသည်ဟု ထင်ထားကြသော်လည်း မြေပြင်အမှန်မှာ အချို့ Online Game များတွင် Covid-19 ကူးစက်ခံရမှုများ ရှိနေသည်ဟု သိရသည်။

"နေမကောင်းလို့ စစ်ကြည့်လိုက်မှ Covid-19 ကူးခံရတယ်ဆိုတာ သိရတယ်။ လက်ရှိကတော့ ဒီမှာ (၅)ဦးလောက်ရှိတယ်။ စစ်တာကတော့ ကိုယ့်ဘာသာပဲ စစ်လိုက်တာ။ ဆေးရုံမှာ သွားစစ်ရင်လည်း သူတို့ထားတဲ့ Q စင်တာမှာ မနေချင်ဘူး အဲ့ဒါကြောင့် ကိုယ့်ဘာသာပဲ စစ်ကြည့်လိုက်တာ"ဟု Online Game တွင် အလုပ် လုပ်ကိုင်နေသူ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီး ရောဂါအခံရှိသည့် အသက်(၆၀)ကျော် အမျိုးသမီးတစ်ဦး ၂၀၂၂ခုနှစ် စက်တင်ဘာလ(၂၀)ရက်နေ့ အကူးပိုင်းအချိန်က သေဆုံးခဲ့ကြောင်းလည်း သိရသည်။

"တာချီလိတ်မှာတော့ ဖျားတဲ့လူတွေများနေတယ်။ တုပ်ကွေးလိုလို ကိုဗစ်လိုလိုနဲ့ တော်တော်များများကတော့ Test kit ကိုယ့်ဘာသာ ဝယ်ပြီး စစ်ကြတာပဲ"ဟု ဒေသခံ တစ်ဦးက ပြောသည်။

တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် စက်တင်ဘာလ(၁)ရက်နေ့ကနေ စက်တင်ဘာလ(၂၀)ရက်နေ့အထိ တစ်နေ့လျှင် Covid-19 ကူးစက်ခံရသူ အနည်းဆုံး (၁၀၀)ဝန်းကျင်ကနေ အများဆုံး (၃၀၀)မှ  (၄၀၀)ဝန်းကျင် အထိ တွေ့ရှိနေရ၍ အာဏာသိမ်းစစ်ကောင်စီက Covid-19 ကာကွယ်ရေးအတွက် Mask များတပ်ရင် အသိပေးမှုများကို ထုတ်ပြန်လာပြီးနောက် မြို့နယ်များတွင် Mask များ မဖြစ်မနေ တပ်ကြရင် လိုက်လံဆော်ဩမှုများနှင့်အတူ Mask များ ပေးဝေခြင်းတို့ကိုပါ ပြန်လည် လုပ်ဆောင်နေကြရသည်ကို တွေ့ရသည်။