တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီး (၄)ရက်အကြာတွင် ရောဂါအခံရှိသည့် အမျိုးသမီးတစ်ဦး သေဆုံး

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီး (၄)ရက်အကြာတွင် ရောဂါအခံရှိသည့် အမျိုးသမီးတစ်ဦး သေဆုံး
ဇူလိုင် 31, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီး ရောဂါအခံရှိသည့် အမျိုးသမီးတစ်ဦး ထပ်မံသေဆုံးသွား၍ တာချီလိတ်မြို့တွင် သေဆုံးသူ (၈)ဦးအထိ ရှိလာကြောင်း သိရသည်။

သေဆုံးသူမှာ တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက် နတ်စင်အနီးရှိ  ရှမ်းရွာတွင်နေထိုင်သူ အသက်(၅၈)နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ကြောင်း သိရသည်။

၎င်းတွင် Covid-19 ပိုးစစ်ဆေးတွေ့ရှိရကြောင်း ၂၀၂၁ခုနှစ် ဇူလိုင်လ(၂၈)ရက်နေ့က သိရှိရခြင်း ဖြစ်ပြီး ဆေးရုံကြီးရှိ  ​isolation ward တွင် အောက်စီဂျင်ပေးထားပြီး ကုသနေရာမှ ပိုးတွေ့ပြီး (၄)ရက်မြောက်နေ့ဖြစ်သည့် ယနေ့ ဇူလိုင်လ(၃၁)ရက်နေ့ နေ့လည်(၁၂)နာရီဝန်းကျင်အချိန်က သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းကာလအတွင်း ဇူလိုင်လ(၃၀)ရက်နေ့အထိ (၃၃)ရက်အတွင်း Covid-19 ကူးစက်ခံထားရသူ (၁၂၆၀)ကျော်အထိရှိပြီး ဆေးရုံဆင်းခွင့်ရရှိသွားသူမှာ (၆၀၀)ကျော်ရှိနေပြီး သေဆုံးသူမှာလည်း ဇူလိုင်လ(၁၉)ရက်နေ့မှ ဇူလိုင်လ(၃၁)ရက်နေ့အထိ  (၁၃)ရက်အတွင်း (၈)ဦးအထိ ရှိနေသည်။