ရှမ်းပြည်နယ်အတွင်း ကိုယ်ထူကိုယ်ထလမ်းများအတွက် ပြည်နယ်အစိုးရက ကတ္တရာများ ပံ့ပိုးပေးနေ

ရှမ်းပြည်နယ်အတွင်း ကိုယ်ထူကိုယ်ထလမ်းများအတွက် ပြည်နယ်အစိုးရက ကတ္တရာများ ပံ့ပိုးပေးနေ
နိုဝင်ဘာ 13, 2019
By Tachileik News Agency
ရှမ်းပြည်နယ်အတွင်း ကိုယ်ထူကိုယ်ထလမ်းများအတွက် ပြည်နယ်အစိုးရက ကတ္တရာများ ပံ့ပိုးပေးနေ

ရှမ်းပြည်နယ်တွင်း ကတ္တရာလမ်းများခင်းနိုင်ရေးအတွက် စည်ပင်သာယာရေးဌာနများတွင် ဘတ်ဂျက် မလုံလောက်၍ ကိုယ်ထူကိုယ်ထလမ်းများကို ပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေး ဝန်ကြီးဌာနက ကတ္တရာပံ့ပိုးနေရာ နှစ်စဉ် ကတ္တရာတန်ချိန် (၁၅၀၀) ဝန်းကျင် ပံ့ပိုးနေရကြောင်း သိရသည်။

“စည်ပင်ဧရိယာထဲမှာ ကိုယ်ထူကိုယ်ထ ခင်းချင်တယ်ဆိုရင် ကတ္တရာဘယ်လောက် ကုန်မလဲဆိုတာ စည်ပင်က ပံ့ပိုးပေးပါတယ်။ တောင်းတဲ့မြို့နယ်တွေက တောင်းကြတယ်။ တစ်ချို့လည်း ကိုယ်ထူကိုယ်ထခင်းဖို့ ဘတ်ဂျက်မရှိကြလို့ မတောင်းကြတာလည်း ရှိကြမှာပါ။ ကတ္တရာက ပံ့ပိုးပေးနေတာ တစ်နှစ်ကို တန် (၁၅၀၀) လောက်ကုန်တယ်။ မြို့နယ်တိုင်း စည်ပင်ဧရိယာထဲရှိတယ်ဆိုရင် ထောက်ပံ့ပါတယ်။ ပြည်နယ်အစိုးရက ထောက်ပံ့တာကို စည်ပင်က တာဝန်ယူတာပေါ့။ ကျွန်တော်တို့က ဘတ်ဂျက်မရှိတော့ မခင်းပေးနိုင်ဘူး။ လူထုနဲ့ပူးပေါင်းမှ ခင်းပေးနိုင်မှာပေါ့။ တောင်ကြီး ကမ္ဘောဇလမ်းတို့ဘာတို့ဆိုရင် အလှူရှင်နဲ့ ခင်းနေတာတွေပါ။ ကျွန်တော်တို့က ကတ္တရာနည်းနည်းပါးပါးပဲ ပံ့ပိုးပေးရတာပါ”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းက တာချီလိတ်သတင်းအေဂျင်စီသို့ နိုဝင်ဘာလ(၁၃)ရက်နေ့တွင် ပြောသည်။

ဒေသတွင်း ကတ္တရာလမ်းခင်းလိုပါက ကတ္တရာကုန်ကျမည့်ပမာဏ တွက်ချက်ပေးခြင်းနှင့် ပြည်နယ် စည်ပင်သာယာရေးဝန်ကြီးဌာနမှ ကတ္တရာတင်ပြတောင်းခံပေးခြင်းတို့ကို မြို့နယ်စည်ပင်သာယာရေးဌာနများ အနေဖြင့် ဆောင်ရွက်ပေးနေကြောင်း သိရသည်။

"ကျွန်တော်တို့ စည်ပင်ဘတ်ဂျက်က မလောက်ဘူး။ ကိုယ်ထူကိုယ်ထခင်းမှ မြို့ပေါ်လမ်းတွေက တိုးတက်မှာ။ ကိုယ်ထူကိုယ်ထခင်းမယ်ဆို စည်ပင်ကိုဆက်သွယ်ပါ။ စည်ပင်က ကတ္တရာရအောင် ပြည်နယ်ကို တင်ပေးမှာပေါ့။ စည်ပင်ဘတ်ဂျက်က အကန့်အသတ်ရှိတော့ ကိုယ်ထူကိုယ်ထခင်းတာ ပိုကောင်းတာပေါ့"ဟု ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်နှင့် ကျိုင်းတုံတို့တွင် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ပြည်နယ် စည်ပင်သာယာရေးဝန်ကြီးဌာန၏ ကတ္တရာပံ့ပိုးမှုရယူပြီး ကိုယ်ထူကိုယ်ထလမ်းခင်းသည့် အရေအတွက်မှာ ကျိုင်းတုံမြို့တွင် ပိုများကြောင်း သိရသည်။

Tachileik News Agency
သတင်း  - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net