တာချီလိတ်မြို့တွင် မယ်ဆိုင်ဘက်မှ ကားအတွင်း ဝှက်၍သယ်လာသည့် ပစ္စတို (၃) လက်နှင့်ကျည်များ ဖမ်းမိ

တာချီလိတ်မြို့တွင် မယ်ဆိုင်ဘက်မှ ကားအတွင်း ဝှက်၍သယ်လာသည့် ပစ္စတို (၃) လက်နှင့်ကျည်များ ဖမ်းမိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၂) တွင် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၉) ရက်နေ့ နေ့လယ်ပိုင်းက ကုန်တင်မှန်လုံယာဉ်ငယ်တစ်စီး၌ ဝှက်၍သယ်လာသည့် ပစ္စတိုနှင့်ကျည်များကို ဖမ်းမိပြီး အဆိုပါမှန်လုံယာဉ်ကို တံတားထိပ်ထိ မောင်းနှင်ပေးရသည့် ယာဉ်မောင်းကိုပါ ဖမ်းထားကြောင်း သိရသည်။

တာချီလိတ် - မယ်ဆိုင် ကုန်စည်ပို့ဆောင်နေသည့် မှန်လုံယာဉ်ငယ်တစ်စီးကို နေ့လယ် (၁၂) နာရီအချိန်က စစ်ဆေးရာ ပစ္စတို (၃) လက်နှင့် 9 mm ကျည် (၁၅၀)တောင့်ကို ဝှက်၍သယ်လာသည်ကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

လက်နက်ခဲယမ်းတွေ့ရဖြင့် အဆိုပါယာဉ်အားမောင်းနှင်လာသည့် အသက် (၄၉)နှစ်အရွယ် ယာဉ်မောင်းအမျိုးသားကို ဖမ်းထားသည်ဟု သိရသည်။

အဆိုပါယာဉ်မောင်းအမျိုးသားမှာ ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဘက်ရှိ အကောက်ခွန်ဂိတ်ဖြတ်ပြီးသော မော်တော်ယာဉ်ကို မြန်မာဘက် တံတား (၂) ဂိတ်ကျော်သည်အထိ တစ်ခေါက်လျှင် ဘတ် (၂၀၀) နှုန်းဖြင့် မောင်းပေးနေသူသာဖြစ်ကြောင်း နှင့် ယခုလို ယာဉ်အတွင်း လက်နက် ထည့်သွင်းထားသည်ကို မသိရကြောင်း စစ်ဆေးချက်အရ သိရသည်။

လက်ရှိတွင် မြန်မာဘက်တာဝန်ရှိသူများက အဆိုပါလက်နက်ခဲယမ်းများကို ထိုင်းနိုင်ငံနှင့်ချိတ်ဆက်သယ်ဆောင်သူအား တာချီလိတ်ဘက်မှ ဆက်လက်ရှာဖွေနေသည်ဟု သိရသည်။

နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် ထိုင်းနိုင်ငံဘက်မှ လက်နက်သယ်ယူရောင်းချသူများကို ရံဖန်ရံခါ ဖမ်းဆီးရမိလေ့ရှိသည်။

Photo: Maesai News Online