တာချီလိတ်တွင် ကျန်းမာရေးထောက်ခံစာ သက်တမ်းကုန်နေသည်ကို ရက်စွဲပြင်လာသဖြင့် quarantine ပို့ရသည့် ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက် (၄)ဦးရှိနေ

တာချီလိတ်တွင် ကျန်းမာရေးထောက်ခံစာ သက်တမ်းကုန်နေသည်ကို ရက်စွဲပြင်လာသဖြင့် quarantine ပို့ရသည့် ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက် (၄)ဦးရှိနေ
ဒီဇင်ဘာ 7, 2020
By Tachileik News Agency
တာချီလိတ်တွင် ကျန်းမာရေးထောက်ခံစာ သက်တမ်းကုန်နေသည်ကို ရက်စွဲပြင်လာသဖြင့် quarantine ပို့ရသည့် ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက် (၄)ဦးရှိနေ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင်းသို့ ဝင်ရောက်မည့် ကုန်တင်ယာဉ်မောင်းများထဲက အချို့မှာ (၁၄) ရက်အတွင်း COVID-19 စစ်ဆေးထားကြောင်း ထောက်ခံစာ၏ သက်တမ်းလွန်နေသည်ကို ရက်စွဲပြင်လာ၍ quarantine center ပို့ရသည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်အရေအတွက်မှာ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၆)ရက်နေ့အထိ (၄)ဦးရှိနေပြီဖြစ်ကြောင်း သိရသည်။
“တာချီလိတ်မြို့မှာ ဖြစ်နေတဲ့ အခြေအနေလည်း သိနေတယ်။ COVID ကာလမှာ ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့စေဖို့အတွက် ရှမ်းပြည်နယ်အတွင်းမှာ ကျန်းမာရေးစစ်ဆေးချက် ထောက်ခံချက်ကို (၁၄) ရက်ပေးထားတယ်။ မြို့ပြင်မှာ ခရီးသည်တွေကို ချပြီးတော့ ဆိုင်ကယ်တွေ၊ အိမ်စီးကားတွေ၊ သုံးဘီးဆိုင်ကယ်တွေနဲ့ ဂိတ်ကိုကွင်းသွားတာတွေလည်း မလုပ်ကြပါနဲ့။ ကျွန်တော်တို့ဂိတ်က မှောင်ခိုပစ္စည်းစစ်နေတဲ့ဂိတ်လည်းမဟုတ်ဘူး။ တကယ့် ကပ်ရောဂါကြီးကို သယ်ဆောင်သွားတဲ့သူမဖြစ်အောင် စစ်ဆေးပေးနေနဲ့ဂိတ်ပါ။ နောက်ဆိုရင် အခုလိုမလုပ်တော့ဘူး။ သဘာဝဘေးစီမံဥပဒေနဲ့ သက်ဆိုင်ရာက အတိအကျ အရေးယူတော့မယ်”ဟု မယ်ယန်း COVID-19 ရောဂါကာကွယ်တားဆီးရေးဂိတ်တွင် ပူးပေါင်းဆောင်ရွက်ပေးနေသည့် မဇ္ဇျိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက တာချီလိတ်သတင်းအေဂျင်စီသို့  ပြောသည်။
တာချီလိတ်မြို့အဝင်  မယ်ယန်း COVID-19 ရောဂါကာကွယ်တားဆီးရေးဂိတ်၌ ဒေသအသီးသီးမှလာသည့် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား COVID-19 စစ်ဆေးပြီး Negative ဖြစ်ကြောင်း (၁၄) ရက်အတွင်း စစ်ဆေးထားသည့် ကျန်းမာရေးထောက်ခံချက်ကို စစ်ဆေးကာ ရက်လွန်နေပါက ပြန်လည်စစ်ဆေးပေးနေရာ အချို့ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များက သက်တမ်းလွန်နေသည့် ကျန်းမာရေးထောက်ခံစာအား ရက်စွဲပြင်ခြင်းများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
မယ်ယန်းဂိတ်၌ ယင်းကဲ့သို့ ရက်စွဲပြင်လာသည့် ကုန်တင်ယာဉ် (၇)စီးမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၁၂)ဦးကို တွေ့ထားခဲ့ရာ ပထမဆုံးတွေ့ရသည့် ကုန်တင်ယာဉ် (၂)စီးကို တစ်လတာ ပြေးဆွဲခွင့်ပိတ်ပင်ခဲ့ကာ ယင်းနောက်ပိုင်းတွင် တွေ့ရသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို မိမိစရိတ်ဖြင့် facility quarantine (၁၄)ရက် နေထိုင်စေခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~