ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်တွင် ရောက်ရှိနေပြီး တာချီလိတ်သို့ ကျောင်းလာတက်မည့် မြန်မာကျောင်းသားများ၏ စာရင်းများကို ကောက်ယူသွားမည်

ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်တွင် ရောက်ရှိနေပြီး တာချီလိတ်သို့ ကျောင်းလာတက်မည့် မြန်မာကျောင်းသားများ၏ စာရင်းများကို ကောက်ယူသွားမည်
ဇူလိုင် 2, 2020
By Tachileik News Agency
ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်တွင် ရောက်ရှိနေပြီး တာချီလိတ်သို့ ကျောင်းလာတက်မည့် မြန်မာကျောင်းသားများ၏ စာရင်းများကို ကောက်ယူသွားမည် 

တာချီလိတ်နှင့် မယ်ဆိုင်ကြားရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား ပိတ်ထားစဉ်ကာလအတွင်း မယ်ဆိုင်မြို့မှနေ၍ တာချီလိတ်ဘက်သို့ ကျောင်းလာတက်မည့် မြန်မာရွှေ့ပြောင်းမိသားစုများမှ ကလေးငယ်များ စာရင်းကိုကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံဘက်တွင် အခြေခံပညာကျောင်းများကို ဇူလိုင်လ (၁) ရက်နေ့မှစ၍ ဖွင့်လှစ်နေပြီး မြန်မာနိုင်ငံဘက်တွင် အထက်တန်းအဆင့်များကို ဇူလိုင်လ (၂၀)ရက်ကျော်မှ စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။

“မယ်ဆိုင်ဘက်မှာနေပြီးတော့ ကျွန်တော်တို့ တာချီလိတ်ကို ကျောင်းပြန်လာတက်တဲ့ ကလေးတွေလည်းရှိပါတယ်။ ဒီကလေးတွေနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးတာက သူတို့ဘက်က စာရင်းကောက်ပြီးတော့ ကျွန်တော်တို့ကို ပြန်ပြီးတော့ အကြောင်းကြားပေးမယ်ပေါ့။ သူတို့လည်း သူတို့အစိုးရကို တင်ပြပြီးတော့ MOFA ကနေတဆင့် ကျွန်တော်တို့ဆီမှာ ကျောင်းပြန်တက်လို့ရအောင် ကူညီပေးမယ်ဆိုတာ ဆွေးနွေးခဲ့ပါတယ်”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂)ရက်နေ့၌ ပြောသည်။

တာချီလိတ်ခရိုင်/မြို့နယ်စုပေါင်းရုံးခန်းမတွင် ၂၀၂၀ ခုနှစ် ဇူလိုင်လ (၂) ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့နှင့် မယ်ဆိုင်မြို့ပိုင်အဖွဲ့တို့ အလွတ်သဘောတွေ့ဆုံဆွေးနွေးခဲ့ကြပြီး တာချီလိတ်မြို့နယ်ပညာရေးမှူးက ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာကျောင်းသားများအတွက် ဆွေးနွေးခဲ့ရာတွင် မယ်ဆိုင်မြို့ပိုင်က စာရင်းကောက်ယူပေးပို့သွားမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

မယ်ဆိုင်ဘက်မှ တာချီလိတ်ဘက်သို့ ကျောင်းလာရောက် တက်ခွင့်ရမည်ဆိုပါကလည်း ယခင်လို နေ့သွားညပြန် ခွင့်ရရှိမည် မဟုတ်ဘဲ Covid-19 ကာလအတွင်း တာချီလိတ်တွင်သာ နေထိုင်ရမည်ဖြစ်သလို မယ်ဆိုင်ဘက် ကျောင်းသွားတက်မည့် ထိုင်းကျောင်းသား ကျောင်းသူများအနေဖြင့်လည်း မယ်ဆိုင်ဘက်တွင် နေထိုင်ရမည်ဖြစ်ကြောင်း သိရသည်။

( စာရင်းကောက်ခံရမည့် နေရာနှင့်ဆက်သွယ်ရန်အား အတည်ပြုပြီးပါက ဆက်လက်ဖော်ပြပေးသွားပါမည် )

Tachileik News Agency
သတင်း -ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~