မကွေးတိုင်းဒေသကြီးအတွင်း Covid-19 အတည်ပြုလူနာ (၁,၄၀၀)ကျော်ရှိလာ၍ ကျန်းမာရေး၏ ညွှန်ကြားချက်အတိုင်း လိုက်နာနေထိုင်ရန် လိုအပ်

မကွေးတိုင်းဒေသကြီးအတွင်း Covid-19 အတည်ပြုလူနာ (၁,၄၀၀)ကျော်ရှိလာ၍ ကျန်းမာရေး၏ ညွှန်ကြားချက်အတိုင်း လိုက်နာနေထိုင်ရန် လိုအပ်
ဒီဇင်ဘာ 3, 2020
By Tachileik News Agency
မကွေးတိုင်းဒေသကြီးအတွင်း Covid-19 အတည်ပြုလူနာ (၁,၄၀၀)ကျော်ရှိလာ၍ ကျန်းမာရေး၏ ညွှန်ကြားချက်အတိုင်း လိုက်နာနေထိုင်ရန် လိုအပ်
မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအနက် မြို့နယ်ပေါင်း (၅)မြို့နယ်တွင် ဒီဇင်ဘာလ(၂)ရက်နေ့က တစ်နေ့တည်း Covid-19 အတည်ပြုလူနာ (၂၃)ဦး ထပ်တိုးတွေ့လာပြီး စုစုပေါင်းအနေဖြင့် (၁၄၀၀)ကျော်ရှိလာသည့်တွက် ကျန်းမာရေး၏ ညွှန်ကြားချက်အတိုင်း လိုက်နာ နေထိုင်ရန် လိုအပ်ကြောင်း မကွေးတိုင်းဆေးရုံအုပ်ကြီးက ပြောကြားလိုက်သည်။
“ပိုးက ကိုယ့်မှာရှိနေပြီလား၊ မရှိဘူးလားဆိုတာ ကာယကံရှင်တွေ မသိနိုင်ကြတော့ဘူး။ ကိုယ့်မှာ မကူးဘူးလို့ထင်နေကြသူတွေ ဖျားလို့ အနံ့ပျောက်လို့ စစ်ဆေးလိုက်တော့မှ ပိုးတွေ့နေရတာမျိုးတွေ ရှိနေတယ်။ ပိုးတွေ့လူနာနဲ့ ထိတွေ့မှုရှိပြီး ကူးစက်ခံရသူ အရေအတွက်ကလည်း တစ်နေ့ထက်တစ်နေ့ များလာတာကြောင့် စားဝတ်နေရေးအတွက်  မဖြစ်မနေ အိမ်ပြင်ထွက်လှုပ်ရှားရတဲ့ အခြေအနေမှာ ကျန်းမာရေးဌာနရဲ့ ညွှန်ကြားချက်တွေအတိုင်း စနစ်တကျနဲ့လိုက်နာနေထိုင်ကြမှာ တော်ကာကျပါမယ်”ဟု မကွေးတိုင်းပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းဝင်းဌေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မကွေးတိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ ဒီဇင်ဘာ (၂)ရက်နေ့က ထုတ်ပြန်ချက်တွင် RDT နှင့် NHL results တို့ အရ COVID-19 အတည်ပြုလူနာတွေ့ရှိမှုမှာ မကွေးမြို့နယ်မှ (၆)ဦး၊ နတ်မောက်မြို့နယ်မှ (၁၄)ဦး၊ တောင်တွင်းကြီးမြို့နယ်မှ (၁)ဦး၊ ပခုက္ကူမြို့နယ်မှ (၁)ဦး၊ သရက်မြို့နယ်မှ (၁)ဦး စုစုပေါင်း (၂၃)ဦးတို့ ဖြစ်ကြသည်။ 
Covid-19 ပိုးတွေ့ရသည့် (၂၃) ဦးအနက်  ပိုးတွေ့လူနာနှင့် ထိတွေ့မှုရှိသူ (၉)ဦး၊ ဖျားနာ၊ အနံ့ပျောက်၍ ဆေးရုံတက်ရောက်ရသည့် စောင့်ကြည့်လူနာ(၆)ဦး၊ ယာဉ်မောင်း (၃)ဦးပါရှိကြောင်း သိရပြီး နေပြည်တော်သို့ အလုပ်ကိစ္စနှင့်သွားရောက်၍ ပြန်လာသူ (၂)ဦးလည်း ပါဝင်ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း ဒီဇင်ဘာလ(၂)ရက် ည (၇)နာရီအချိန်ထိ ပိုးတွေ့လူနာစုစုပေါင်း (၁,၄၄၇) ဦးအထိ ရှိလာပြီး ဆေးရုံတက်ရောက်ဆဲလူနာ(၂၉၂)ဦး၊ ဆေးရုံဆင်းခွင့်ရ လူနာ(၁,၁၅၂)ဦး၊ သေဆုံးသူ(၃)ဦး ရှိကြောင်း သိရသည်။
Tachileik News Agency
သတင်း-ဖီးနစ်
ဓာတ်ပုံ- KS Rescue Magway (လူမှုကယ်ဆယ်ရေးအသင်း)
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~