ကျောက်မဲမြို့နယ်တွင်းရှိ စစ်ရှောင်စခန်းမှ စစ်ဘေးရှောင်(၁၂၇)ဦး Covid-19 ကူးစက်ခံထားရ

ကျောက်မဲမြို့နယ်တွင်းရှိ စစ်ရှောင်စခန်းမှ စစ်ဘေးရှောင်(၁၂၇)ဦး Covid-19 ကူးစက်ခံထားရ
စက်တင်ဘာ 12, 2021 | Covid-19| ရှမ်းမြောက်

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်တွင်းရှိ စစ်ရှောင်စခန်းမှ လူဦးရေ (၂၀၀) ကျော်ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ( ၁၂ ) ရက်နေ့တွင်  COVID 19 စစ်ဆေးရာ (၁၂၇) ဦး၌ ပိုးတွေ့ရသဖြင့် စစ်ရှောင်စခန်း၌ ကုသဆောင်ဖွင့်၍ ကုသပေးမည်ဟု သိရသည်။

ကျောက်မဲမြို့နယ်အတွင်း မန်ကျောင်းကျေးရွာရှိ စစ်ဘေးရှောင်စုစုပေါင်း ( ၂၆၀ ) ကျော်ကို PCR စနစ်ဖြင့် ဓါတ်ခွဲနမူနာများရယူစစ်ဆေးခဲ့ရာ နံနက်ပိုင်းအဖြေတွင် ( ၅၃ ) ဦး၌ COVID 19 ပိုးတွေ့ခဲ့ပြီး ညနေပိုင်းတွင် ( ၇၄ ) ဦး၌ ပိုးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

မန်ကျောင်းကျေးရွာဘုန်းကြီးကျောင်းတွင် ကုသဆောင်ဖွင့်၍ စစ်ရှောင်အတည်ပြုလူနာများအား ထားရှိကုသပေးမည်ဖြစ်ပြီး ရောဂါပြင်းထန်သည့်လူနာများကို ကျောက်မဲပြည်သူ့ဆေးရုံ၌ ကုသပေးမည်ဟု သိရသည်။

ကျောက်မဲမြို့နယ်အတွင်း လွယ်ကုန်ကျေးရွာ၊ ပန်စလော့ကျေးရွာ၊ ပန်ကွမ်နှင့် ဟူးကွက်ကျေးရွာများအနီးတွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း SSPP ၊ TNLA နှင့် RCSS တို့ကြား ဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် လူဦးရေ ( ၂၀၀၀)ကျော် စစ်ဘေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။



ကျောက်မဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် COVID 19  စစ်ဆေးခြင်းကို စက်တင်ဘာ ( ၆ )ရက်နေ့မှစ၍ လုပ်ဆောင်ပေးနေရာ ယနေ့မှာပင် အတည်ပြုလူနာ (၁၈၀) ကျော် တွေ့ခဲ့ရခြင်းဖြစ်သည်။

ကျောက်မဲမြို့နယ်တွင် တတိယလှိုင်းစတင်သည့် ဇွန်လ (၂၀) ရက်နေ့မှ ယနေ့ စက်တင်ဘာ (၁၂) ရက်နေ့အထိ အတည်ပြုလူနာစုစုပေါင်း (၁၁၂၀) ကျော်သွားပြီဖြစ်သည်။

အဆိုပါစာရင်းမှာ ကျန်းမာရေးဌာနက စစ်ဆေးတွေ့ရှိသူစာရင်းသာဖြစ်ပြီး မိမိအစီအစဉ်ဖြင့် စစ်ဆေးသူများစာရင်း ပါဝင်ခြင်းမရှိပါ။