တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းအတွင်း စေတနာ့ဝန်ထမ်း အနည်းဆုံး (၉)ဦးအထိ Covid-19 ကူးစက်ခံထားရ

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းအတွင်း စေတနာ့ဝန်ထမ်း အနည်းဆုံး (၉)ဦးအထိ Covid-19 ကူးစက်ခံထားရ
သြဂုတ် 7, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့၏ Covid-19 ပထမ နှင့် ဒုတိယလှိုင်းတို့တွင် စေတနာ့ဝန်ထမ်း(Volunteer)များ Covid-19 ကူးစက်ခံရခြင်း မရှိခဲ့သော်လည်း ယခု Covid-19 တတိယလှိုင်းတွင် ဩဂုတ်လ(၄)ရက်နေ့အထိ  Covid-19 ကူးစက်ခံထားရသည့် စေတနာ့ဝန်ထမ်း အနည်းဆုံး (၉)ဦးအထိ ရှိနေကြောင်း သိရသည်။

ဇူလိုင်လ(၃၁)ရက်နေ့က စေတနာ့ဝန်ထမ်း အမျိုးသား(၁)ဦး၊ ဩဂုတ်လ(၂)ရက်နေ့က (၄)ဦး၊ ဩဂုတ်လ(၄)ရက်နေ့က (၄)ဦး စုစုပေါင်း (၉)ဦးအထိ ရှိထားရပြီး (၉)ဦးတွင် အမျိုးသား(၇)ဦး နှင့် အမျိုးသမီး (၂)ဦး ပါဝင်ရာ ၎င်းတို့အား Covid-19 စောင့်ကြည့်ကုသရေးစင်တာ(ဝမ်လုံး) နှင့် Covid-19 စောင့်ကြည့်ကုသရေးစင်တာ(အားကစားရုံ)တို့တွင် ထားရှိကြောင်း သိရသည်။ 

စေတနာ့ဝန်ထမ်း(Volunteer)များတွင် အချိန်ပြည့်ပါဝင်ကူညီဆောင်ရွက်နေသူများပါဝင်သလို အချိန်ပိုင်းပါဝင်ကူညီပေးကြသူများလည်း ပါဝင်သည်။

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းအတွင်း စေတနာ့ဝန်ထမ်း(Volunteer)များ၊ တာချီလိတ်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ တာချီလိတ်မြို့နယ်အရန်မီးသတ်တပ်ဖွဲ့၊ အလင်းရောင်ပရဟိတအသင်း၊ တာချီလိတ်နာရေးကူညီမှုအသင်း၊ ရွှေနယ်မြေပရဟိတ၊ မေတ္တာရှင်သာရေးနာရေးကူညီမှုအသင်း နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့က ကူညီဆောင်ရွက်ပေးနေကြောင်း နှင့် မယ်ယန်း Covid-19 စစ်ဆေးရေးဂိတ်တွင်လည်း နယ်ပယ်အသီးသီးမှ စုပေါင်းအဖွဲ့ဖြင့် ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။

စေတနာ့ဝန်ထမ်း(Volunteer)များ နှင့် လူမှုရေးအသင်းအဖွဲ့များ Covid-19 ကာကွယ်ထိန်းချုပ်ရေးများအတွက် ပါဝင်ကူညီမှုများတွင် ဘေးကင်းကင်းဖြင့် ကူညီဆောင်ရွက်ပေးနိုင်ရန် တာချီလိတ်မြို့မှ စေတနာရှင်များအနေဖြင့် Covid-19 ကာကွယ်ရေးအထောက်အပံ့ပစ္စည်းများနှင့် ပတ်သက်၍ PPE၊ ဧပရွန်(Apron)၊ Mask, လက်အိတ်များကို အဆိုပါ အသင်းအဖွဲ့များထံသို့ လှူဒါန်းနိုင်ကြောင်း သိရသည်။

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းအတွင်း ၂၀၂၁ခုနှစ် ဇွန်လ(၂၈)ရက်နေ့မှ ဇူလိုင်လ(၆)ရက်နေ့ ညနေပိုင်းအထိ Covid-19 ကူးစက်ခံရသူ စုစုပေါင်း (၁,၆၇၄)ဦး အထိရှိနေရာ ပိုးတွေ့၍ သတ်မှတ်ရက် (၁၁)ရက်ပြည့်ပြီး နေအိမ်ပြန်ခွင့်ရရှိသွားသူမှာ (၈၀၀)ကျော်အထိရှိကာ သေဆုံးသူမှာ ဩဂုတ်လ(၆)ရက်နေ့အထိ အမျိုးသား(၁၀)ဦး နှင့် အမျိုးသမီး(၇)ဦး စုစုပေါင်း (၁၇)ဦးအထိ ရှိနေကြောင်း သိရသည်။