တာချီလိတ်တွင် အမိန့်ချိုးဖေါက်ပြီး သင်္ကြန်ပါတီဆင်နွှဲသူများထဲက ထိုင်းနိုင်ငံသား (၃)ဦးကို လဝကအမှုဖြင့် ဆက်လက်အရေးယူမည်

တာချီလိတ်တွင် အမိန့်ချိုးဖေါက်ပြီး သင်္ကြန်ပါတီဆင်နွှဲသူများထဲက ထိုင်းနိုင်ငံသား (၃)ဦးကို လဝကအမှုဖြင့် ဆက်လက်အရေးယူမည်
ဧပြီ 28, 2020
By Tachileik News Agency
တာချီလိတ်တွင် အမိန့်ချိုးဖေါက်ပြီး သင်္ကြန်ပါတီဆင်နွှဲသူများထဲက  ထိုင်းနိုင်ငံသား (၃)ဦးကို လဝကအမှုဖြင့် ဆက်လက်အရေးယူမည် 

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် ဒေသန္တရအမိန့်ချိုးဖေါက်ပြီး သင်္ကြန်ပါတီကျင်းပသည့် ထိုင်းနိုင်ငံသား (၃)ဦးကို ကူးစက်ရောဂါကာကွယ်နှိမ်နှင်းရေး ဥပဒေဖြင့် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၇)ရက်နေ့တွင်တရားရုံးက ပြစ်ဒဏ်ချမှတ်ထားပြီး  လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် ဆက်လက် အရေးယူမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံသား အမျိုးသမီး (၂)ယောက်နဲ့ အမျိုးသား (၁)ယောက်ကတော့ လူဝင်မှုကြီးကြပ်ရေးဥပဒေကို ချိုးဖေါက်တဲ့အတွက် လဝကအက်ဥပဒေပုဒ်မ ၁၃(၁) နဲ့ လူဝင်မှုကြီးကြပ်ရေးက အမှုဖွင့်ထားတာဖြစ်လို့ သူတို့ဆက်ပြီး ရင်ဆိုင်ရပါမယ်

ဟု တာချီလိတ်မြို့မစခန်းမှူး ဒုရဲမှူး ကျော်ထွန်းနိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ဧပြီလ(၂၈)ရက်နေ့တွင် ပြောသည်။

COVID 19 ကာကွယ်ရေးအတွက် သင်္ကြန်ကာလ ရေကစားခြင်းများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တားဆီးထားပြီး တာချီလိတ်မြို့တွင်လည်း ဒေသန္တရအမိန့်ထုတ်ပြန်ထားသည့် ကာလအတွင်း ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၂)ရက်နေ့၌ Mr.Crush Bar တွင် သင်္ကြန်ပါတီပွဲ ဆင်နွှဲပြီး ရဲတပ်သားတစ်ဦးက လူမှုကွန်ယက်တွင် Live လွှင့်ခဲ့ခြင်းဖြစ်သည်။

ဒေသန္တရအမိန့်ချိုးဖေါက်သူများအား ဖမ်းဆီးအရေးယူပေးရန် မြို့နယ်အုပ်ချုပ်ရေးမှူးက တိုင်ကြားသဖြင့် သင်္ကြန်ပွဲ ဦးဆောင်ကျင်းပသူ နန်းစမ်မွမ်း၊ ပါဝင်ဆင်နွှဲသူများဖြစ်သည့် နန်းခမ်းပန်၊ စိုင်းဆမ်တစ်၊ ဆန်းလွင်ဌေး (ခ) ရဲရင့်၊ အားဆွယ်၊ အားတီ၊ ခမ်းအောင်၊ အားဟုန်၊ ရတနာဦး၊ ထိုင်းနိုင်ငံသူ (၂)ဦးဖြစ်သည့် ဒစ်ဆက်ဒိကမ်လိုခါရွတ်နှင့် အောနာဒွန်ဝုန်ငင် အပါအဝင် ထိုင်းနိုင်ငံသားတစ်ဦး နှင့် Live လွှင့်ခဲ့သည့် ရဲတပ်သား ဖေသက်ဟန်တို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဥပဒေချိုးဖေါက်သူ (၁၂)ဦးကို ထောင်ဒဏ် (၃)နှစ်အထိ ချမှတ်နိုင်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာဥပဒေပုဒ်မဖြင့် အမှုဖွင့်ပြီး ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီထံ  တရားစွဲဆိုခွင့်တောင်းရာ ကူးစက်ရောဂါကာကွယ် နှိမ်နှင်းရေးဥပဒေဖြင့်  ပြောင်းလဲအရေးယူရန် ပြန်လည်ညွှန်ကြားချက်အရ ဧပြီလ (၂၇)ရက်နေ့၌ ကျန်းမာရေးဦးစီးဌာနက ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

တာချီလိတ်မြို့နယ်တရားရုံးက အဆိုပါ (၁၂)ဦးအနက် အသက် (၁၈)နှစ် မပြည့်သေးသူ (၃)ဦးမှလွဲ၍ ကျန် (၉)ဦးကို ငွေဒဏ် ကျပ် (၅,၀၀၀)စီ အမိန့်ချမှတ်ပြီး အသက်မပြည့်သူများကို ကလေးသူငယ်ဥပဒေအရ ဆုံးမလမ်းညွှန်ခဲ့ကြောင်း သိရသည်။

ယင်းတို့အနက် ထိုင်းနိုင်ငံသား (၃)ဦးမှာ ဗီဇာစည်းကမ်းချိုးဖေါက်မှုဖြင့် ထပ်မံတရားရင်ဆိုင်ရမည်ဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~