လူမြင်ကွင်းကနေ  ပျောက်နေပြီး ကောလာဟလများ ထွက်နေသည့် တရုတ်သမ္မတ ရှီကျင့်ဖျင် နိုင်ငံပိုင်ရုပ်သံတွင် ပြန်ထွက် ပေါ်လာ

Photo: CCTV 13
Photo: CCTV 13
လူမြင်ကွင်းကနေ  ပျောက်နေပြီး ကောလာဟလများ ထွက်နေသည့် တရုတ်သမ္မတ ရှီကျင့်ဖျင် နိုင်ငံပိုင်ရုပ်သံတွင် ပြန်ထွက် ပေါ်လာ
စက်တင်ဘာ 28, 2022 | နိုင်ငံတကာသတင်း
By Mr John

နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံရပြီး အာဏာအသိမ်းခံရကြောင်း ၎င်း၏ နိုင်ငံရေးအနာဂတ်နှင့် ပတ်သက်၍ ကောလာဟလများ ပျံ့နှံ့ခဲ့ကာ လူမြင်ကွင်းမှ ရက်နှင့်ချီကြာ ပျောက်ကွယ်နေခဲ့သည့် တရုတ်သမ္မတ ရှီကျင့်ဖျင်ကို စက်တင်ဘာလ (၂၇) ရက်နေ့က နိုင်ငံပိုင် ရုပ်မြင်သံကြားတွင် ပြန်တွေ့လာရကြောင်း သိရသည်။

အသက် (၆၉) နှစ်အရွယ် ရှီကျင့်ဖျင်က ဘေဂျင်းမြို့ရှိ Beijing Exhibition Hall ပြပွဲခန်းမတွင် ရှေ့သို့လှမ်းချီ ခေတ်သစ်ဆီ သို့ Forging Ahead into the New Era အာဘော်ကို ခင်းကျင်းပြသ ပုံဖော်ထားမှုအား လာရောက်ကြည့်ရှုသည့်သတင်းကို နိုင်ငံပိုင် ရုပ်မြင်သံကြားက ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။

ကွန်မြူနစ်ပါတီနှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် People’s Liberation Army (PLA) ၏ အကြီးအကဲလည်းဖြစ်သူ သမ္မတရှီကျင့်ဖျင်က ဝန်ကြီးချုပ် Li Keqiang နှင့် အခြား ထိပ်တန်းခေါင်းဆောင်များနှင့်အတူ ခင်းကျင်းပြသထားမှုအချို့ကို ကြည့်ရှုခဲ့ပြီး လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတက်တက်မှုအပေါ် မှတ်ချက်ပြု ပြောကြားခဲ့သည်ဟု ဆိုသည်။

ပြပွဲခန်းမသို့ ရှီကျင့်ဖျင် လာရောက်မှုမှာ ဥဇဘက်ကစ္စတန်နိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်း၏ ထိပ်သီးအစည်းအဝေးမှ ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် ပြန်လာခဲ့ပြီးနောက် ပထမဆုံးအကြိမ် ရုပ်မြင်သံကြားတွင် တွေ့ရခြင်းလည်း ဖြစ်သည်။ 

တရုတ်နိုင်ငံ၏ COVID-19 စည်းမျဥ်းများအရ ၎င်းမှာ ပြည်ပမှပြန်လာပြီးနောက် တစ်ပတ်ကြာ ကွာရန်တင်းဝင်ရန် လိုအပ်သည်ဟု ဆိုသည်။

တရုတ်နိုင်ငံ၏ နားလည်ရန်ခက်ပြီး လျှို့ဝှက်တတ်သောစနစ်က နိုင်ငံရေးအားပြိုင်မှုတိုက်ပွဲ သို့မဟုတ် အာဏာသိမ်းရန်ကြိုးပမ်းမှု ကောလာလဟများကို မြင့်တက်စေသည်။ 

အာဏာရှင်ဆန်ဆန် စောင့်ကြည့်မှုပုံစံမျိုးဖြင့် ဆန့်ကျင်မည့် မည်သည့်လက္ခဏာမျိုးကိုမဆို သက်ညှာမှုမရှိဘဲ ဖြိုခွင်းမှုကြောင့် တည်ငြိမ်သည့် သဘာဝရှိသော်လည်း တရုတ်နိုင်ငံရေးနှင့် ပတ်သက်၍ ထိုသို့ ကောလာဟလများ ထွက်ပေါ်တတ်ကြောင်း သိရသည်။

ရှီကျင့်ဖျင်မှာ ဆယ်စုနှစ်များအတွင်း တရုတ်နိုင်ငံ၏ ဩဇာအရှိဆုံး ခေါင်းဆောင်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ယူဆထားကြပြီး ၎င်းကို နိုင်ငံရေးအရ စိန်ခေါ်သူမရှိဟု ဆိုသည်။ 

ရှီကျင့်ဖျင်က ဖွဲ့စည်းပုံ အခြေခံဥပဒေက ကန့်သတ်ထားသည့် သမ္မတ ရာထူးသက်တမ်း ကန့်သတ်ချက်ကို ပယ်ဖျက်ခဲ့ပြီး ၎င်းအနေဖြင့် ဆန္ဒရှိပါက တစ်သက်တာ အုပ်ချုပ်နိုင်မည်ဖြစ်သည်။

 

လာမည့် အောက်တိုဘာလ (၁၆) ရက်နေ့ တွင် စတင်ကျင်းပမည့် ကွန်မြူနစ်ပါတီ ညီလာခံတွင် အစဥ်အဆက် သမ္မတသက်တမ်းကို (၂) ကြိမ်အဖြစ် ကန့်သတ်ထားမှုကို ပယ်ဖျက်ပြီး ရှီကျင့်ဖျင်ကို (၃) ကြိမ်မြောက်က သမ္မတသက်တမ်း ဆက်လက် တာဝန်ယူခွင့်ပြုသွားမည်ဟု မျှော်လင့်ရသည်။ 

တရုတ်နိုင်ငံရေး ကျွမ်းကျင်သူ Kerry Brown ကမူ ရှီကျင့်ဖျင် ခဏတာ ပျောက်ကွယ်သွားသည်ဆိုခြင်းထက် ပိုမိုသော အကြောင်းများရှိနိုင်ကြောင်း များစွာသံသယဖြစ်မိသည်ဟု ပြောသည်။

Source: AP