COVID 19 ကူးစက်မှုကြောင့်ဟုဆိုကာ လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်မှ မြန်မာရွှေ့ပြောင်းလုပ်သားများအား Quarantine Center နှင့် နေရာသစ်များသို့ ပို့ဆောင်နေ

COVID 19 ကူးစက်မှုကြောင့်ဟုဆိုကာ လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်မှ မြန်မာရွှေ့ပြောင်းလုပ်သားများအား Quarantine Center နှင့် နေရာသစ်များသို့ ပို့ဆောင်နေ

COVID 19 ဖြစ်ပွားမှုအခြေအနေကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ခြင်းမရှိသည့် လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်တွင် COVID 19 ကူးစက်မှုကြောင့်ဟုဆိုကာ မြန်မာရွှေ့ပြောင်းလုပ်သားများကို Quarantine Center များသို့ ပို့ဆောင်နေသည့်အပြင် အခြေချနေထိုင်ရာ မြန်မာ(ရခိုင်)ရွာမှ ထွက်ခွာစေပြီး နေရာသစ်သို့ ပို့ဆောင်နေကြောင်း သိရသည်။

"ရွာထဲက အိမ်တွေ ဘာဖြစ်လို့ရွှေ့ရ၊ ပြောင်းရမယ်ဆိုတာ မပြောဘူး။ အကုန်ရွှေ့ခိုင်းတယ်။ ပြောင်းခိုင်းတဲ့နေရာမှာ အခန်းတစ်ခန်းကို (၄) ယောက်ကနေ (၆) ယောက်အထိထားတယ်။ တစ်ယောက်ထဲသမားတွေဆို သူတို့က နှစ်ထပ်ကုတင် (၃) လုံးသွင်းလိုက်ပြီး လူ (၆) ယောက်ထည့်လိုက်တာပေါ့။ ကိုယ်က (၂)ယောက်ဆိုရင်တော့ သိတဲ့သူရော၊ မသိတဲ့သူရော အကုန်ရောထားတာပေါ့။ နေရာချထားတဲ့သူအပေါ်လည်းမူတည်သေးတယ်။ ဈေးဆိုင်တွေဆို အကုန်လုံး ပစ္စည်းတွေပုံထားရတယ်။ အခန်းတွေက တစ်ချို့ဆို မိုးမလုံ၊ တစ်ချို့အခန်းတွေက အပေါက်မပါဘူး။ သူတို့နေရာချပေးတဲ့နေရာမှာ လည်း အဆင်မပြေပါဘူး။ ပြန်မယ်ဆိုတော့လည်း ပြန်လို့မရဘူး"ဟု လာအိုရောက်မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြန်မာရွှေ့ပြောင်းလုပ်သားများနေထိုင်ရာ မြန်မာ(ရခိုင်)ရွာတွင် နေထိုင်သူများကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၂၂) ရက်နေ့မှစ၍ ရွှေ့ပြောင်းခိုင်းနေခြင်းဖြစ်ပြီး ရွှေ့ပြောင်းခိုင်းသည့်အကြောင်းရင်းကို မပြောသည့်အပြင် အလုပ် လုပ်နေသူများ၏ ပစ္စည်းများကိုလည်း ရွာတွင်းမှ လူအကုန်ထွက်ပြီး ဆေးဖြန်းပြီးမှ သယ်ယူခွင့်ရမည်ဟု ကုမ္ပဏီဘက်က အသိပေးထားသည်ဟု သိရသည်။

"လာအိုဘက်က ရခိုင်ရွာမှာက ကိုဗစ်က ကူးတာများပြီး (၃)လလောက်ကြာတဲ့အထိ  ဘယ်လိုမှ ထိန်းလို့မနိုင်ဘူး။ ဒါကြောင့် ကုမ္ပဏီက အခုလူတွေရွှေ့ခိုင်းပြီး ရွာကိုဖျက်မယ်ပေါ့။ အရင်ကလည်း သူတို့က ဖျက်ဖို့ အစီအစဉ်ရှိပါတယ်။"ဟု လာအိုရွှေတြိဂံအထူးဇုန်ကုမ္ပဏီမှ အမည်မဖေါ်လိုသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လာအိုရွှေတြိဂံအထူးစီးပွားရေးဇုန်ကို လုပ်ကိုင်ခွင့်ရကုမ္ပဏီက အဆိုပါ အထူးစီးပွားရေးဇုန်အတွင်း မြန်မာရွှေ့ပြောင်းလုပ်သားများ အခြေချနေထိုင်ခဲ့ရာ မြန်မာရွာ (ရခိုင်ရွာ)ကို လွန်ခဲ့သည့် (၃) လကျော်ကတည်းက lockdown ချထားခြင်း၊ အဆိုပါရွာတွင် နေထိုင်သူများအား COVID 19 စစ်ဆေးကာ ၎င်းတို့သတ်မှတ်ထားသည့် quarantine center များသို့ ပို့ဆောင်ခြင်းတို့ကို လုပ်ဆောင်နေပြီးနောက် ဇူလိုင်လ (၂၂) ရက်နေ့မှစ၍ နေရာသစ်သို့ ရွှေ့ပြောင်းခိုင်းနေခြင်းဖြစ်သည်။

ပြောင်းရွှေ့ရသည့် နေရာသစ်တွင် မျက်နှာကျက်များ ပျက်စီးနေပုံ

ကျေးရွာအတွင်းနေထိုင်သူများမှာ lock down ကာလရှည်အတွင်း အလုပ်လုပ်နိုင်ခြင်းမရှိ၍ အခက်အခဲဖြစ်နေကြသည့်အပြင် ကျေးရွာအတွင်း ဈေးဆိုင်ဖွင့်ထားသူများမှာလည်း နေရာသစ်တွင် နေရာအကန့်အသတ်ကြောင့် ပြန်လည်ဖွင့်နိုင်ခြင်းမရှိဘဲ အခက်အခဲထပ်ဖြစ်ကြရသည်ဟု သိရသည်။

ယင်းအပြင် နေထိုင်စားသောက်ရေးအခက်အခဲများကြောင့် နေရပ်ပြန်လိုသူများမှာလည်း လပေါင်းများစွာကြသည့်တိုင် နေရပ်ပြန်ခွင့်မရသည့်အပြင် နေရာသစ်ကိုပါထပ်ရွှေ့နေရသဖြင့် အခက်အခဲများထပ်တိုးလာပြီး နေရပ်ပြန်ခွင့်ရရေး မျှော်လင့်နေကြကြောင်း သိရသည်။