ရှမ်းပြည်နယ်တွင်း မြို့ဝင်ထွက်ဂိတ်များတွင် COVID 19 သံသယ လက္ခဏာစစ်ဆေးမှု ပြန်လည်စတင်

ရှမ်းပြည်နယ်တွင်း မြို့ဝင်ထွက်ဂိတ်များတွင် COVID 19 သံသယ လက္ခဏာစစ်ဆေးမှု ပြန်လည်စတင်
သြဂုတ် 26, 2020
By Tachileik News Agency
ရှမ်းပြည်နယ်တွင်း မြို့ဝင်ထွက်ဂိတ်များတွင် COVID 19 သံသယလက္ခဏာစစ်ဆေးမှု ပြန်လည်စတင်
COVID 19 ပြည်တွင်းကူးစက်မှု တိုးလာသဖြင့် ရှမ်းပြည်နယ်အတွင်း မြို့ဝင်ထွက်နေရာများတွင် COVID 19  သံသယ လက္ခဏာ စစ်ဆေးခြင်းများကို ပြန်လည်ဆောင်ရွက်လာပြီး ပြည်သူလူထုအနေဖြင့် ကျန်းမာရေးမှ ထုတ်ပြန်ထားချက်များအား အတိအကျ လိုက်နာကြရန် ပြည်နယ် COVID ကော်မတီက တိုက်တွန်းလိုက်သည်။
“COVID 19 ကာကွယ်ရေးနဲ့ပတ်သက်ရင် မြို့နယ်အားလုံးကို သြဂုတ်လ (၂၁)ရက်နေ့မှာ တပ်လှန့်တဲ့ နှိုးဆော်စာထွက်ထားတယ်။ တနင်္လာနေ့ကစပြီး တောင်လေးလုံးနဲ့ ကလောဂိတ်တွေမှာ  ကိုဗစ်ကော်မတီက စစ်ဆေးတဲ့လုပ်ငန်းတွေ ပြန်စတယ်။ ဒီနေ့တော့ ပင်လောင်း၊ ရွာငံ၊ နောင်ချို၊ ကျောက်မဲ၊ လားရှိုး၊ ကွမ်လုံ၊ ကွတ်ခိုင် ဝင်ထွက်ဂိတ်တွေမှာ စစ်ဆေးတာကို မြို့နယ် ကိုဗစ်ကော်မတီတွေက ဦးဆောင်လုပ်မယ်။ လိုအပ်တာတွေကိုတော့ အစိုးရက ပံ့ပိုးပေးသွားမှာပေါ့။ လူမှုရေးအသင်းအဖွဲ့တွေဆိုရင် ရေရှည်ကျတော့ လုပ်ဖို့မလွယ်ဘူးလေ။ သူတို့အတွက် လိုအပ်တဲ့ထောက်ပံ့စရိတ်စကကိုတော့ အစိုးရက ထောက်ပံ့ပေးဖို့ လိုတာပေါ့။ ဘယ်လောက် ထောက်ပံ့ပေးမယ်ဆိုတာတော့ မပြောနိုင်သေးဘူး။ မြို့နယ်အလိုက် Mask တွေ PPE တွေလည်းရှိပါသေးတယ်။ လိုအပ်တာတွေတော့ ထပ်ပြီး ပံ့ပိုးရမှာပေါ့”ဟု  ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၆)ရက်နေ့၌ ပြောသည်။
လက်ရှိတွင် ရှမ်းပြည်နယ်တွင်း ဝင်ထွက်သွားလာခြင်းနှင့်ပတ်သက်၍ ကန့်သတ်တားမြစ်ခြင်း သီးခြားမရှိသော်လည်း ရခိုင်ပြည်နယ်အတွင်းမှ ရောဂါကူးစက်မှုဖြစ်ပွားရာဒေသများသို့ ခရီးသွားလာခဲ့သူ၊ အဆိုပါဒေသများမှ လာရောက်သူများကို အသွားအလာကန့်သတ်၍ ဓာတ်ခွဲစစ်ဆေးပေးခြင်းကို လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
 ပြည်သူလူထုအနေဖြင့် COVID 19 ကာကွယ်ရေးအတွက် ကျန်းမာရေးမှ ထုတ်ပြန်ညွှန်ကြားချက်များအတိုင်း အတိအကျ လိုက်နာကြရန်ကိုလည်း ပြည်နယ်ကိုဗစ်ကော်မတီက တိုက်တွန်းလိုက်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~