Stay at Home သတ်မှတ်ထားသည့် တာချီလိတ်မြို့တွင် နေအိမ်ပြင်ပထွက်သူများကို စစ်ဆေးရေးဂိတ်တဲ (၁၁)နေရာအစား (၃)နေရာတွင်သာ တစ်နေကုန် စစ်ဆေးမည်

Stay at Home သတ်မှတ်ထားသည့် တာချီလိတ်မြို့တွင် နေအိမ်ပြင်ပထွက်သူများကို စစ်ဆေးရေးဂိတ်တဲ (၁၁)နေရာအစား (၃)နေရာတွင်သာ တစ်နေကုန် စစ်ဆေးမည်
သြဂုတ် 5, 2021 | Covid-19| ရှမ်းရှေ့

Stay at Home သတ်မှတ်ထားသည့် တာချီလိတ်မြို့တွင် မြို့တွင်း ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ် နေရာပေါင်း (၁၁)နေရာတွင် စောင့်ကြည့်စစ်ဆေးရေးတဲများပြုလုပ်ပြီး Covid-19 ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်ပြင်ပထွက်သူများကို စောင့်ကြည့် စစ်ဆေးနေရာမှ တဲများကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး နေရာပေါင်း (၃)နေရာတွင်သာ အဓိကထား၍ ဩဂုတ်လ(၅)ရက်နေ့မှစ၍ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် လူသွား လူလာ အများဆုံးနေရာများဖြစ်သည့် မြို့နယ်အကောက်အခွန်ရုံးရှေ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ် အပါအဝင် ပါလျှံလမ်းဆုံမီးပွိုင့်နှင့် အာခါဈေးလမ်းဆုံမီးပွိုင့်တို့တွင် စောင့်ကြည့်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဓိကနေရာ (၃)နေရာတွင် နံနက်(၆)နာရီမှ ည(၆)နာရီအထိ စစ်ဖက်အရပ်ဖက် ပူးပေါင်းအဖွဲ့များဖြင့် တာဝန်ခွဲ၍ စစ်ဆေးသွားမည်ဖြစ်ကြောင်း နှင့် Stay at Home သတ်မှတ်ထားသည့်အတွက် နေ့လည် (၂)နာရီနောက်ပိုင်း နေအိမ်ပြင်ပထွက်သူများကို စိစစ်မည်ဟုလည်း သိရသည်။

အရင်က လုပ်ထားတဲ့ တဲတွေ ဒီနေ့ အပြီးဖျက်ဆိုတော့လည်း ဖျက်ပေးလိုက်တယ်။ လုပ်ဆိုလည်း လုပ်ရတယ်။ လူကြီးတွေ ညွှန်ကြားတဲ့အတိုင်း လုပ်လိုက်ရတာပဲ။ အဆင်မပြေမှုတွေ၊ အခက်အခဲတွေ အရင်လို တင်ပြခွင့်မရှိဘူး။ ကျွန်တော်တို့လည်း Covid-19 ကို ကြောက်တာပဲ။ ပင်ပန်းရတာခြင်းအတူတူ ပင်ပန်းရကျိုးတော့နပ်ချင်တယ်။ အခုလည်း ဘယ်လောက်ခံမလဲတော့မသိဘူး နက်ဖြန်ကစပြီး အုပ်စုအလိုက်ခွဲပြီး စောင့်ပေးရမှာ

ဟု ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဩဂုတ်လ(၄)ရက်နေ့က ပြောသည်။

ဇူလိုင်လ(၁၄)ရက်နေ့က စ၍ တာချီလိတ်မြို့ပေါ် (၁၁)ရပ်ကွက်ဖြစ်သည့် ပုန်းထွန်၊ တာလော့၊ ဝမ်ကောင်း၊ မကာဟိုခမ်း၊ ဆန်ဆိုင်း(ခ)၊ ဆန်ဆိုင်း(က)၊ မယ်ခေါင်၊ ရန်အောင်မြေ(ပါလျှံ)၊ ဝိန်းကျောက်၊ ပါဆတ်နှင့် ဆေခမ်း(ဟောင်လိတ်)ရပ်ကွက်များရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတစ်လျှောက် မိုးကာတဲများပြုလုပ်ပြီး ၂၀၂၁ခုနှစ် ဇူလိုင်လ(၁၄)ရက်နေ့က စ၍ စောင့်ကြပ်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် ယင်းအစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီး ယခုအခါမှာ ပြောင်းလဲစစ်ဆေးမှုပြုလုပ်ရန်အတွက် နေရာ(၃)နေရာတွင်သာ စစ်ဆေးမည်ဖြစ်သည်။

တာချီလိတ်မြို့တွင်း  Covid-19 ထိန်းချုပ်ရေးအတွက် စစ်ဆေးမှုများ နှင့် ဆိုင်များပိတ်ထားရမှုများ နှင့် ပတ်သက်၍ လုပ်ဆောင်မည်ဆိုပါက ပြည်သူများအပေါ် တပြေးညီ သတ်မှတ်ချက်များကိုသာ လိုလားပြီး ထိရောက်သည့် လုပ်ဆောင်မှုများကသာ  Covid-19 ထိန်းချုပ်ရေးအတွက် ထိရောက်နိုင်မည်ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

အခု Stay at Home ကာလမှာ အခြေခံစားသောက်ကုန်ဆိုင် နဲ့ ဆေးဆိုင်တွေက လွဲရင် ပိတ်ထားရမယ်ပြောပေမဲ့ ရွှေဆိုင်အချို့လည်း ဖွင့်ထားတယ်။ တော်တော်များများက လိုက်နာမှုအားနည်းနေတယ်။ ကျွန်တော်ဆိုရင် ဆိုင်ပိတ်ထားရတော့ ဆိုင်လခ မပေးနိုင်လို့ ဆိုင်ကို အပြီး ပိတ်ထားလိုက်ရပြီး၊ အားလုံး ပိတ်ဆိုလည်း ပိတ်၊ အားလုံး ဖွင့်ဆိုလည်း ဖွင့် တပြေးညီဖြစ်စေချင်တယ်ဗျာ။ ကွက်ကျားမိုးရွာသလို ဖြစ်နေရင် သတ်မှတ်ချက်တွေက ထူးမှာမဟုတ်ဘူး။ စည်ပင်ကလည်း သေချာလိုက်မစစ်ဘူး။ ကျွန်တော်တို့ ဆိုင်ပိတ်ထားရတာက အလကားဖြစ်နေသလိုပဲ။ ကျွန်တော့်အနေနဲ့ကတော့ Covid-19 ထိန်းချုပ်ရေးအတွက် အားလုံး တပြေးညီ ဖြစ်စေချင်တယ်ဗျ

ဟု ဖုန်းအပိုပစ္စည်းအရောင်းဆိုင်ပိုင်ရှင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းအတွင်း ၂၀၂၁ခုနှစ် ဇွန်လ(၂၈)ရက်နေ့မှ ဩဂုတ်လ(၄)ရက်နေ့ ညနေပိုင်းအထိ Covid-19 ကူးစက်ခံထားရသူ စုစုပေါင်း (၁,၆၀၂)ဦး ရှိနေပြီး ဆေးရုံဆင်းခွင့်ရရှိသွားသူများမှာ (၇၀၀)ကျော်အထိရှိကာ သေဆုံးသွားကြသူများမှာ အမျိုးသား(၁၀)ဦး နှင့် အမျိုးသမီး(၆)ဦး စုစုပေါင်း (၁၆)ဦးအထိ ရှိလာသော်လည်း တာချီလိတ်မြို့၏ Covid-19 ကူးစက်ပျံ့နှံ့နေမှုကို မထိန်းချုပ်နိုင်ဘဲရှိနေသည်ကိုတွေ့ရသည်။

#TachileikNewsAgency