ထိုင်းချဲထီ(3D) ခန့်မှန်းဂဏန်းကို အွန်လိုင်းမှ ရောင်းချသူများက ကံစမ်းမဲဖြင့် ငွေကြေး လိမ်လည်မှုများ ရှိနေ

ထိုင်းချဲထီ(3D) ခန့်မှန်းဂဏန်းကို အွန်လိုင်းမှ ရောင်းချသူများက ကံစမ်းမဲဖြင့် ငွေကြေး လိမ်လည်မှုများ ရှိနေ
အောက်တိုဘာ 17, 2021 | မှုခင်းသတင်း| ရှမ်းရှေ့

 ထိုင်းချဲထီ 3D ခဲခြစ်ကို အွန်လိုင်းမှရောင်းချသူများက ကံစမ်းမဲဆုပေါက်သည်ဟုဆိုကာ ငွေကြေးလိမ်လည်မှုများ ရှိနေကြောင်း ငွေကြေးဆုံးရှုံးသွားသူများထံမှ သိရသည်။

အရင်ကလည်း ဒီလိုပဲ အွန်လိုင်းကနေပဲ 3 D ခဲခြစ်ကို လှမ်းဝယ်နေကြပါ။ အခု ငွေလိမ်တဲ့အကောင့်ကတော့ သူက add လာတာ။ ကျွန်တော်က နံပါတ်လှမ်းဝယ်တော့ သူကအခုပရိုမိုးရှင်းလုပ်ပြီး ကံစမ်းပေးနေတယ် ပြောတယ်။ အဲဒါ  ကျွန်တော့်ကံစမ်းမဲက ဆိုင်ကယ်ပေါက်တယ်တဲ့။ ဆိုင်ကယ်ပို့ပေးဖို့ ငွေလွှဲပေးရမယ် ပြောလာတယ်။ သူက မြဝတီကနေ ပို့ပေးမယ်တဲ့။ အဲဒါသူက တစ်သိန်းခွဲတောင်းတာ ကျွန်တော်က ပစ္စည်းရောက်ရင် ပေးမယ်ပြောတာ မရဘူး။ အလိမ်ခံရမှာ စိုးရိမ်ပေမဲ့ ဆိုင်ကယ်ကလည်း ရချင်တော့ တစ်သိန်းပို့ပေးလိုက်တယ်။ အဲဒါ သူကဆိုင်ကယ်သယ်လာနေပြီပေါ့။ နောက်နေ့ကျတော့ ပဲခူးကိုသူရောက်နေပြီ။ လမ်းစရိတ် ပြတ်နေလို့ဆိုပြီး ထပ်တောင်းတော့ (၅) သောင်းပို့ပေးလိုက်တယ်။ အဲဒီနောက် အဆက်အသွယ်မရတော့ဘူး။ အကုန်ဘလော့သွားတယ်။ အခုပြောပြတာက ကျွန်တော့်လိုပဲ တစ်ခြားသူတွေကို လိုက်လိမ်နေအုံးမှာဆိုတော့ သတိထားကြရအောင်လို့ပါ

ဟု အွန်လိုင်းမှ ငွေကြေးလိမ်လည်ခံရသည့် ကိုအားဖေက Tachileik News Agency သို့ ပြောသည်။

ကံစမ်းမဲဖြင့် ငွေကြေးလိမ်လည်ခံရသူမှာ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မှဖြစ်ပြီး အလားတူ လိမ်လည်ခံရသူအချို့ရှိပြီး လိမ်လည်သည့်အကောင့်များမှာလည်း မတူကြကြောင်းလည်း သိရသည်။

3 D ထိုးတာကတော့ ကိုယ်နဲ့နီးစပ်ရာ ထိုးလိုက်တာပါ။ VIP ခဲခြစ်ဂဏန်း (ခန့်မှန်းဂဏန်း) ကတော့ အွန်လိုင်းကနေ လှမ်းဝယ်တာ။ အွန်လိုင်းက ဝယ်လိုက်ရင် ငွေကိုတော့ wave နဲ့လွှဲခိုင်းတာ။ ပြီးရင် ခဲခြစ်ဂဏန်းပို့ပေးတယ်။ အဲဒီဂဏန်းကို ထိုးကြတာမျိုးပေါ့။ ဒီလိုပဲ အွန်လိုင်းက ရောင်းနေကြတာတွေ အများကြီးပဲ။ ကံစမ်းမဲဆိုပြီး လိမ်တာတော့ ကြားဖူးတယ်

ဟု  တာချီလိတ်မှ ချဲထီထိုးသူတစ်ဦးက ပြောသည်။

အွန်လိုင်းမှ ကံစမ်းမဲပေါက်သည်ဟုဆိုကာ လိမ်လည်မှုများကို အမည်အမျိုးမျိုးသုံး၍ လုပ်လေ့ရှိသည်ကို တွေ့ရပြီး ယင်းကဲ့သို့ လိမ်လည်သူများက ကံစမ်းမဲပေါက်သည်ဟု အကြောင်းကြားခံရသူထံ ကံစမ်းမဲပစ္စည်း သို့မဟုတ် ဆုကြေးအတွက် ငွေကြေးအရင်ပေးပို့စေသည့်ပုံစံတူနည်းလမ်းဖြင့် လိမ်လည်လေ့ရှိသည်ကို တွေ့ရသည်။

အွန်လိုင်းမှ ကံစမ်းမဲပေါက်သည်ဟုဆိုကာ ငွေကြေးကြိုတင်ပေးပို့စေသည့် လိမ်လည်မှုများကို ရဲတပ်ဖွဲ့က ဖေါ်ထုတ်ဖမ်းဆီးနိုင်မှု မရှိသလောက်ဖြစ်ပြီး မည်သည့်နေရာမှ ငွေထုတ်သွားသည်ဆိုသည်ကို ဘဏ်များမှ သတင်းအချက်အလက် မပေးနိုင်သည့်အတွက် ယခင်က ဘဏ်များတွင် ငွေလွှဲမည့်သူများကို သတိပေးစာများ ကပ်၍ သတိပေးလေ့ရှိခဲ့သည်ကို တွေ့ရသည်။