လွိုင်ကော်မြို့ရှိ ရပ်ကွက်များတွင် ကိုယ်ထူကိုယ်ထ ပြုလုပ်ထားသည့် Covid-19 ထိန်းချုပ်ကာကွယ်ရေး ဂိတ်များကို စစ်ကောင်စီ၏ ဒေသအာဏာပိုင်များက ပြန်လည် ဖြုတ်သိမ်းခိုင်း

ကိုယ်ထူကိုယ်ထ ကိုဗစ် စစ်ဆေးရေးဂိတ်မှာ ဆေးဖျန်းစဉ် - Photo: CJ
ကိုယ်ထူကိုယ်ထ ကိုဗစ် စစ်ဆေးရေးဂိတ်မှာ ဆေးဖျန်းစဉ် - Photo: CJ
လွိုင်ကော်မြို့ရှိ ရပ်ကွက်များတွင် ကိုယ်ထူကိုယ်ထ ပြုလုပ်ထားသည့် Covid-19 ထိန်းချုပ်ကာကွယ်ရေး ဂိတ်များကို စစ်ကောင်စီ၏ ဒေသအာဏာပိုင်များက ပြန်လည် ဖြုတ်သိမ်းခိုင်း
သြဂုတ် 4, 2021 | Covid-19| ကယား

ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့အတွင်းရှိ ရပ်ကွက်လူထုများမှ ကိုယ်ထူကိုယ်ထ ပြုလုပ်ထားကြသည့် ကိုဗစ်ကာကွယ်ရေးဂိတ်များအား စစ်ကောင်စီ၏ ဒေသအာဏာပိုင်အဖွဲ့က အာဏာသုံးပြီး  ဖျက်သိမ်းခိုင်းခဲ့ကြောင်း သိရသည်။ 

အကြမ်းဖက် စစ်ကောင်စီ၏ ပြည်နယ်အစိုးရရုံးမှ ညွှန်ကြားချက်အရ မြို့နယ်ထွေအုပ်ရုံးမှ လွိုင်ကော်မြို့နယ် အတွင်းရှိ ကိုယ်ထူကိုထ Covid-19 ကာကွယ်ရေး ဂိတ်များ ပြုလုပ်ထားသော ရပ်ကွက်များမှ ဦးဆောင်လှုပ်ရှားနေသူ များကိုခေါ်ကာ အဆိုပါ ကိုဗစ်ကာကွယ် တားဆီးရေး ဂိတ်များအား ဖျက်သိမ်းရန် ခေါ်ယူပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

"မလုပ်နဲ့ပေါ့လေ။ ပြန်ဖျက်ပေးဖို့ပြောတယ်။ အဲ့ဒါကြောင့် ဖျက်ပေးလိုက်တယ်။ သူတို့ကလည်း ဘာမှ မလုပ်ပေးနိုင်ဘူး ။ ကိုဗစ်ကလည်း လူတိုင်းသိသလိုပဲ အရမ်းကြီး ဆိုးနေတယ်။ ဒါကြောင့် ကိုယ့်ရပ်ကွက်လေး ကို ကိုယ်တွေလူထုကပဲ စောင့်ရှောက်ကြမယ်ဆိုပြီး အားလုံးက စေတနာဝန်ထမ်းတွေလုပ်ပြီး PPE ကအစ အပူချိန်တိုင်းကိရိယာက အစ ကိုယ့်ဘာသာပဲ ရှာဖွေ လုပ်ကိုင်ခဲ့ကြတာပေါ့။ ဒီလိုလုပ်တော့ တော်တော်လေး သိသာတယ်။ ရောဂါဖြစ်တာကို တစ်ဖြေးဖြေး ထိန်းချုပ်လာနိုင်တယ်။ အခုတော့ ဖြုတ်ဆိုတော့လည်း ဖြုတ်ပေးလိုက်ပြီ။ ရပ်ကွက် လူထုတွေကတော့ ကိုယ့်ဘာသာပဲ အိမ်မှာနေကြ ဂရုစိုက်ကြပေါ့။" ဟု ကိုယ်ထူကိုယ်ထ စေတနာ့ဝန်ထမ်း လုပ်ကိုင်နေသည့် ရပ်ကွက်လူငယ်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သြဂုတ်လ မှစ၍ လွိုင်ကော်မြို့ပေါ်ရပ်ကွက်များရှိ သက်ဆိုင်ရာ ရပ်ကွက်အလိုက် လူထုများမှ  ကိုယ်ထူကိုယ်ထ ပြုလုပ်ထားသော Covid-19 ကာကွယ်တားဆီးရေး ဂိတ်များအား ဖျက်သိမ်း သွားရန် စစ်ကောင်စီ၏ အုပ်ချုပ်ရေးပိုင်းမှ ခေါ်ယူပြောဆိုခဲ့သလို စစ်ဆေးရေးဂိတ်များကို ဖျက်သိမ်းထားခြင်း ရှိမရှိကို  လာရောက်ကြည့်ရှု့မည်ဟု အမိန့်အာဏာပေးမှု ဆန်ဆန်ဖြင့် ပြောဆိုသွားကြောင်း သိရသည်။ 

လွိုင်ကော်မြို့နယ်အတွင်း ဇူလိုင်လ မှစတင်၍ Covid-19 ရောဂါ ကူးစက်ပြန့်ပွားမှု မြင့်တတ်လာခဲ့ခြင်းကြောင့် မြို့ပေါ်ရပ်ကွက်များမှ လူထုများက သက်ဆိုင်ရာ ရပ်ကွက်အလိုက် ကိုယ်ထူကိုယ်ထ Covid-19 ရောဂါ ကာကွယ် စစ်ဆေးရေးဂိတ်များပြုလုပ်ကာ ရပ်ကွက်တွင်း ဖြတ်သန်းသွားသူများနှင့် ရပ်ကွက်သူ ရပ်ကွက်သားများအား အပူရှိန်တိုင်းပေးခြင်း ၊ အသိပညာပေးခြင်း၊ လော့ဒေါင်းချခြင်းတို့ကို စနစ်တကျ လုပ်ကိုင်ခဲ့ကြောင်းသိရသည်။ 

Covid-19 ရောဂါမှာ တစ်နိုင်ငံလုံး ကူးစက်ဖြစ်ပွားမှု  မြင့်တတ်နေခြင်းကြောင့်  လွိုင်ကော်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ကိုယ်ထူကိုယ်ထ ပြုလုပ်ထားသော Covid-19 စစ်ဆေးရေးဂိတ်များအားစစ်ကောင်စီမှ အဓမ္မဖျက်သိမ်းခိုင်းခြင်းမှာ ရောဂါဖြစ်ပွားစေခြင်းအား ရည်ရွယ်ချက် ရှိရှိလုပ်ဆောင်နေခြင်းဖြစ်၍ ပြည်သူလူထုအပေါ် ရာဇဝတ်မှုကျူးလွန်နေသော စစ်ကောင်စီအား ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမည်ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)က သြဂုတ်လ (၂)ရက်နေ့တွင် ထုတ်ပြန်ကြေညာထားသည်။ 

လွိုင်ကော်မြို့အတွင်းရှိ ကိုယ်ထူကိုယ်ထ Covid-19 စစ်ဆေးရေးဂိတ်များထားရှိမှုအပေါ် မြို့နေလူထုများမှ ကန့်ကွက်မှုများမရှိဘဲ လိုလား လက်ခံကြသော်လည်း ဒေသအာဏာပိုင်များက ဖြုတ်သိမ်းခိုင်းသောကြောင့် သြဂုတ်လ( ၂ )ရက်နေ့မှစ၍ ကိုယ်ထူကိုယ်ထ ရပ်ကွက် စစ်ဆေးရေး ဂိတ်များအား ဖျက်သိမ်းပေးလိုက်ပြီဖြစ်ကြောင်း ရပ်ကွက်လူထူများထံမှသိရသည်။ 

ကယား(ကရင်နီ)ပြည်နယ်အတွင်း Covid-19 တတိယလှိုင်းတွင်  Covid-19 ကူးစက်ခံရသူမှာ  သြဂုတ်လ (၃)ရက်နေ့ ညပိုင်းထိ (၆၈၄)ဦးရှိပြီး သေဆုံးသူ (၃၀ )ဦးရှိနေကြောင်း သိရသည်။

#TachileikNewsAgency

Photo: CJ