ရန်ကုန် နှင့် ရခိုင်မှ ပြန်လာသူ အပါအဝင် မိသားစုဝင်မှကူးစက်၍ မကွေးတိုင်းဒေသကြီးတွင် Covid-19 အတည်ပြုလူနာ (၈)ဦးထပ်တိုး

ရန်ကုန် နှင့် ရခိုင်မှ ပြန်လာသူ အပါအဝင် မိသားစုဝင်မှကူးစက်၍ မကွေးတိုင်းဒေသကြီးတွင် Covid-19 အတည်ပြုလူနာ (၈)ဦးထပ်တိုး
စက်တင်ဘာ 20, 2020
By Tachileik News Agency
ရန်ကုန် နှင့် ရခိုင်မှ ပြန်လာသူ အပါအဝင် မိသားစုဝင်မှကူးစက်၍ မကွေးတိုင်းဒေသကြီးတွင် Covid-19 အတည်ပြုလူနာ (၈)ဦးထပ်တိုး
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ၂၀၂၀ခုနှစ် စက်တင်ဘာလ(၂၀)ရက်နေ့ နံနက်(၈)နာရီက ထုတ်ပြန်သည့် ထုတ်ပြန်ချက်အရ မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်မှ COVID-19  အတည်ပြုလူနာ(၈)ဦး စံချိန်တင် တွေ့ရှိကြောင်း မကွေးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အတည်ပြုပြောကြားချက်အရ သိရသည်။
“ရန်ကုန်ပြန် (၅)ယောက်၊ မြောက်ဦးပြန်(၁)ယောက်၊ မနေ့က မကွေးမြို့က Positive ထွက်ထားတဲ့တစ် ယောက်ရဲ့ မိသားစုဝင်(၂)ဦးတို့မှာ တွေ့ရှိတာ ဟုတ်ပါတယ်။ အသက်အပိုင်းအခြားကတော့ ပြန်ကြည့် မှသိမှာ။ အကြမ်းဖျင်းတော့ အသက်(၈)နှစ်ကနေ(၇၃)နှစ်အထိ ပါတယ်”ဟု မကွေးတိုင်းပြည်သူ့ကျန်း မာရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက တာချီလိတ် သတင်းအေဂျင်စီသို့ အတည်ပြုပြောကြားသည်။
မကွေးမြို့နယ် ကြာကန်ကျေးရွာ၌ Quarantine ထားရှိသော ရန်ကုန်၊ မင်္ဂလာဒုံပြန်(၅)ဦး၊ မကွေးမြို့ ပညာရေး ကောလိပ်၌ Facility Quarantine ထားရှိသည့် ရခိုင်ပြည်နယ် မြောက်ဦး ပြန်(၁)ဦး နှင့် စက်တင်ဘာ (၁၉) ရက်နေ့က ပိုးတွေ့အတည်ပြုလူနာဖြစ်ကြောင်း အတည်ပြုခဲ့သည့် မကွေးမြို့ ဆားစည့်ရပ်ကွက်မှ အမျိုးသမီး၏ မိသားစုဝင်(၂)ဦး၊ စုစုပေါင်း (၈)ဦး တို့ COVID-19 ပိုး တွေ့အတည်ပြုလူနာများအဖြစ် တွေ့ရှိ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မကွေးမြို့နယ် ဆားစည့်ရပ်ကွက်မှ အမျိုးသမီးမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ရန်ကုန်မှ ပြန်လာပါက Quarantine ဝင်ရမည် ဖြစ်ကြောင်း ကြိုတင်ပြောကြားထားခဲ့သော်လည်း စက်တင်ဘာ(၇)ရက်နေ့က ရန်ကုန်မှပြန် လာရာတွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ထံ သတင်းပို့ခြင်းမရှိဘဲ နေအိမ်တွင် နေထိုင်နေရာ စက်တင်ဘာ (၁၃)ရက်နေ့တွင် အနံ့မရတော့သဖြင့် မကွေးတိုင်းဆေးရုံကြီးတွင် သွားရောက်ပြသဆေးကုသမှုခံယူ ခဲ့ရာမှ ဓာတ်ခွဲနမူနာပေးပို့စစ်ဆေးခဲ့သဖြင့် ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရန်ကုန်က စက်တင်ဘာ (၇)ရက်နေ့ကတည်းက ကိုယ်ပိုင်ကားနဲ့ ပြန်ရောက်နေတာ။ သူတို့ကို ရန်ကုန် က ပြန်လာရင် Quarantine ဝင်ရမယ်လို့ သေချာပြောထားပြီးသားကို ပြန်လာတာ ရပ်ကွက်ကို အသိမပေးခဲ့ကြဘူး။ စက်တင်ဘာ (၁၃)ရက်နေ့ ဆေးရုံတက်ပြီဆိုတော့မှ သူတို့ပြန်ရောက်နေပြီဆိုတာ ကျွန်တော်တို့က သိရတာ”ဟု ဆားစည့်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းမောင် က ပြောသည်။ 
မကွေးမြို့နယ်ကြာကန်ကျေးရွာနှင့် မကွေးမြို့ ဆားစည့်ရပ်ကွက်တို့ကို  Stay at Home ပြုလုပ်စေမည်ဖြစ်
ကြောင်း မကွေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်ထံက သိရသည်။
အဆိုပါ အမျိုးသမီး၏ မိသားစုဝင်များအား စက်တင် ဘာ(၁၅)ရက်နေ့တွင် ဓာတ်ခွဲနမူနာရယူကာ ဆက်လက်ပေးပို့စစ်ဆေးခဲ့သဖြင့် မိသားစုဝင်(၂)ဦးမှာ COVID-19 ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မကွေးတိုင်း ဆေးရုံအုပ်ကြီးထံမှ သိရပြီး မကွေးတိုင်းအဝင် ဂိတ်ထားရှိစစ်ဆေးမှု အားနည်းချက်ရှိခဲ့၍လည်း ယင်းကဲ့သို့ အလွယ်တကူဝင်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဝေဖန်မှုများရှိခဲ့သည်။ 
မကွေးတိုင်းတွင် စက်တင်ဘာ(၁၉)ရက်နေ့အထိ COVID-19 ပိုးတွေ့အတည်ပြုလူနာ(၁၆)ဦးရှိခဲ့ရာမှ ယနေ့(၈)ဦး ထပ်တိုးတွေ့ရှိ၍  စုစုပေါင်း (၂၄)ဦးအထိ ရှိလာပြီး တစ်ဦးမှ သေဆုံးမှုမရှိသေးဘဲ (၄)ဦးမှာ ဆေးရုံမှ ကျန်းမာစွာဖြင့် ဆင်းနိုင်ခဲ့ကြောင်း သိရသည်။
ပုံအညွန်း - ဆားစည့်ရပ်ကွက် လမ်းများကို ပိတ်ဆို့ထားရှိမှု
Tachileik News Agency
သတင်း/ဓာတ်ပုံ - ဖီးနစ်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~