KNPP နယ်မြေအတွင်း အာဏာသိမ်းစစ်ကောင်စီ တပ် နှင့် KNPP တို့ (၃)နာရီကြာတိုက်ပွဲ ဖြစ်ပွား

KNPP နယ်မြေအတွင်း အာဏာသိမ်းစစ်ကောင်စီ တပ် နှင့် KNPP တို့ (၃)နာရီကြာတိုက်ပွဲ ဖြစ်ပွား

ကရင်နီအမျိုးသားတိုးတတ်ရေးပါတီ( KNPP)၏ အမှတ်(၂)ခရိုင် အမှတ်(၁)မြို့နယ်ရှိ သဲတောင်တွင် မေလ (၂၀)ရက်နေ့၌ အာဏာသိမ်း စစ်ကောင်စီ၏ တပ်များနှင့် (၃)နာရီကြာတိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဘောလခဲမြို့နယ် နှင့်  ဖားဆောင်းမြို့နယ် အကြားရှိ  ကရင်နီအမျိုးသားတိုးတတ်ရေးပါတီ(KNPP)၏ ဖွဲ့စည်းပုံအရ အမှတ်(၂)ခရိုင် အမှတ် (၁)မြို့နယ်ထဲရှိ သဲ​တောင်တွင် ယနေ့ မေလ(၂၀)ရက်နေ့ နံနက် (၅)နာရီမှ (၈)နာရီကျော်ထိ အာဏာသိမ်းစစ်ကောင်စီ၏ တပ်များနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း KNPP ပြောရေးဆိုခွင့်ရှိသူ တစ်ဦးမှ   အတည်ပြုထားသည်။ 

တိုက်ပွဲ ဖြစ်တာ ဟုတ်ပါတယ်။ ဘယ်လိုကြောင့်လည်းဆို ကျွန်တော်တို့ ကရင်နီက ဖွင့်ပေးထားတဲ့ လူငယ်လေ့ကျင့်ရေစကွင်းကို သူတို့သွားဖို့ ကြိုးစားနေတယ်။ ကြိုးစားတော့ ကျွန်တော်တို့ KNPP အဖွဲ့ကလည်း လမ်းပိတ်ထားတယ်။ အဲ့မှာ သူတို့ ဇွတ်တိုးတော့ ကျွန်တော်တို့ KNPP အဖွဲ့နဲ့ တိုက်ပွဲ ဖြစ်ပွားတယ်။ မနက် (၅)နာရီကနေ (၈)နာရီထိဖြစ်တယ်။ အထိခိုက်အကျဆုံးကတော့ ကျွန်တော်မေးထားတယ်။ ခုထိ မသိရသေးဘူး

ဟု ကရင်နီအမျိုးသားတိုးတတ်ရေးပါတီ (KNPP)မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ အတည်ပြုပြောသည်။

စစ်တပ်မှ အာဏာသိမ်းပြီးချိန်မှစ၍ ကယား(ကရင်နီ)ပြည်နယ်အတွင်း KNPP နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားခြင်းမှာ ပထမဆုံး အကြိမ်ဖြစ်ပြီး နှစ်ဖက်ထိခိုက်မှုရှိ နိုင်သော်လည်း ယခုအချိန်ထိ ထိခိုက်ကျဆုံးမှုအား အတည်မပြုနိုင်သေးကြောင်း KNPP ထံမှ သိရသည်။