ဒီးမော့ဆို ငွေတောင်ဆည်အနီး တစ်နေကုန် အပြင်းအထန်တိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်ဘက်က အများအပြားသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က (၂)ဦး ကျဆုံး

Photo: PDF Loikaw
Photo: PDF Loikaw
ဒီးမော့ဆို ငွေတောင်ဆည်အနီး တစ်နေကုန် အပြင်းအထန်တိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်ဘက်က အများအပြားသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က (၂)ဦး ကျဆုံး
ဇန်နဝါရီ 3, 2022 | ကယား

ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ဆည်အနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့အကြား တစ်နေကုန်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က သေဆုံးသူ အများအပြားရှိခဲ့ပြီး   ပြည်သူ့ကာကွယ်ရေးတပ်ဘက်က (၂)ဦး ကျဆုံးခဲ့ကြောင်း လွိုင်ကော် PDF က ဇန်နဝါရီလ(၃)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

၂၀၂၂ခုနှစ် ဇန်နဝါရီလ(၂)ရက်နေ့က နံနက်ပိုင်းက စပြီး ညနေ(၅)နာရီဝန်းကျင်အထိ အာဏာသိမ်းအကြမ်းဖက် စစ်တပ်အား လွိုင်ကော် PDF ၊  ဒီးမော့ဆို PDF ၊  KA ၊ မိုးဗြဲ PDF ၊ ဖယ်ခုံ PDF ၊ KNDF ၊ KGZ ၊ အလယ်ပိုင်းတိုင်း အထူးတိုက်ခိုက်ရေးအဖွဲ့ စသည့် ပြည်သူ့တပ်များ ပူးပေါင်းပါဝင် ခုခံတိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

အပြင်းအထန်တိုက်ပွဲကြောင့် အာဏာသိမ်းစစ်တပ်ဘက်က သေဆုံးသူအရေအတွက်ကို မသိရသော်လည်း အများအပြားသေဆုံးသည်ဟု သိရပပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် လွိုင်ကော် PDF မှ တပ်ဖွဲ့ဝင်တစ်ဦး နှင့် KA မှ တပ်ဖွဲ့ဝင်တစ်ဦးတို့ ကျဆုံးခဲ့ကြောင်း သိရသည်။ 

ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ဆည်အနီး (၃)ရက်အတွင်း တိုက်ပွဲတွင် လွိုင်ကော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ဒဏ်ရာရရှိသူ စုစုပေါင်း (၁၂)ဦးရှိခဲ့ပြီး (၁)ဦးမှ ကျဆုံးခဲ့ရကြောင်း လွိုင်ကော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားရှိသည်။