တာချီလိတ်မြို့တွင် ယနေ့ ထွက်ပြေးသွားသည့် Covid-19 ကူးစက်ခံထားရသူ အမျိုးသမီးငယ်ကို ဆက်သွယ်ရရှိပြီဖြစ်၍ စောင့်ကြည့်ကုသဆောင်သို့ ပို့ဆောင်ထား

တာချီလိတ်မြို့တွင် ယနေ့ ထွက်ပြေးသွားသည့် Covid-19 ကူးစက်ခံထားရသူ အမျိုးသမီးငယ်ကို ဆက်သွယ်ရရှိပြီဖြစ်၍ စောင့်ကြည့်ကုသဆောင်သို့ ပို့ဆောင်ထား
ဇူလိုင် 31, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင် ယနေ့ ဇူလိုင်လ(၃၁)ရက်နေ့ နေ့လည်ပိုင်းက Covid-19 စစ်ဆေးရာမှ ပိုးရှိကြောင်း သိ၍ စစ်ဆေးသည့်နေရာကနေ ထွက်ပြေးသွားသည့် အမျိုးသမီးငယ်မှာ ယနေ့ ည(၇)နာရီခွဲတွင် ပြန်လည်ဆက်သွယ်ရ၍ အားကစားရုံတွင် ဖွင့်လှစ်ထားသည့် စောင့်ကြည့်ကုသဆောင်သို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

ထွက်ပြေးသူမှာ အသက်(၁၉)နှစ်သာရှိသေးပြီး တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ၎င်း၏ သူငယ်ချင်း ပြောပြချက်အရ ဆွေမျိုးမရှိကြောင်း နှင့် ထွက်ပြေးရခြင်းမှာ ကုသဆောင်သို့ သွားရန်ကြောက်၍ ထွက်ပြေးခြင်း ဖြစ်သည်ဟု သိရသည်။

စောင့်ကြည့် ကုသဆောင်ပို့တယ်ဆိုတာက အတူနေ အိမ်သားတွေနဲ့ ကူးဆက်မှုမဖြစ်အောင်လို့ရယ်၊ ဘေးပတ်ဝန်းကျင်ပါ ထိခိုက်မှာဆိုးလို့ သီးသန့်ပို့ပေးတာပါ။ စောင့်ကြည့်ကုသဆောင်မှာထားလို့ တကယ်လို့များ အသက်ရှုကြပ်လာတာတွေ၊ အောက်စီဂျင်ပေးဖို့လိုလာတာတွေ၊ ရောဂါလက္ခဏာ ဆိုးဆိုးရွားရွားဖြစ်လာတာဆိုရင် ချက်ချင်း သိရှိကုသနိုင်အောင်ပါ။ ကိုယ့်အိမ်လောက်တော့ မကောင်းနိုင်ပေမဲ့ အားလုံးက ပေါင်းလုပ်နေကြတာဖြစ်လို့ အဆင်မပြေတာတော့ အနည်းငယ်ရှိနိုင်ပေမဲ့ အရေးပေါ်ကျန်းမာရေးဆို ချက်ချင်း သိနိုင်တာပေါ့

ဟု စောင့်ကြည့်ကုသဆောင်တွင် ပါဝင်ကူညီနေသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့တွင် ဆေးရုံဟောင်းအတွင်း၌ Covid-19 လာရောက် စစ်ဆေးစဉ် ပိုးတွေ့ကြောင်း သိရပြီးနောက် လူနာတင်ယာဉ် လာခေါ်သည်ကို မစောင့်တော့ဘဲ ထွက်ပြေးသွားသည်မှာ ယခုဆိုလျှင် (၃)ဦးမြောက်ဖြစ်ပြီး ပထမတစ်ဦးမှာ ဇူလိုင်လ(၆)ရက်နေ့က အမျိုးသားတစ်ဦး၊ ဇူလိုင်လ(၂၉)ရက်နေ့က အမျိုးသားတစ်ဦး နှင့် ယနေ့ ဇူလိုင်လ(၃၁)ရက်နေ့တွင် အမျိုးသမီးတစ်ဦးတို့ ဖြစ်ကြပြီး အဆိုပါ (၃)ဦးအနက် ယနေ့ ထွက်ပြေးသူ (၁)ဦးမှာ ညတွင်းချင်း ပြန်တွေ့၍ ကုသဆောင်သို့ ပို့ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။