တာချီလိတ်မြို့တွင် CDM လုပ်ဆောင်ထားသည့်  မိုင်းကိုးကျေးလက်ကျန်းမာရေးဌာနကို မိုင်းကိုးပြည်သူ့စစ်အဖွဲ့က သော့ချိုးဖျက်ပြီး ဖွင့်လှစ်လိုက်ကာ ပြည်သူ့စစ်ခေါင်းဆောင်၏ မွေးစားသမီးကို တာဝန်ပေး

တာချီလိတ်မြို့တွင် CDM လုပ်ဆောင်ထားသည့်  မိုင်းကိုးကျေးလက်ကျန်းမာရေးဌာနကို မိုင်းကိုးပြည်သူ့စစ်အဖွဲ့က သော့ချိုးဖျက်ပြီး ဖွင့်လှစ်လိုက်ကာ ပြည်သူ့စစ်ခေါင်းဆောင်၏ မွေးစားသမီးကို တာဝန်ပေး
ဧပြီ 4, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်း မိုင်းကိုးကျေးရွာအုပ်စုရှိ ကျေးလက်ကျန်းမာရေးဌာနကို မိုင်းကိုးပြည်သူ့စစ်အဖွဲ့က တံခါးသော့အား ဖျက်ဆီးပြီး ဆေးခန်းကို ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင် ဦးကျလော၏ မွေးစားသမီးဆိုသူနှင့် ယနေ့ ၂၀၂၁ခုနှစ် ဧပြီလ(၄)ရက်နေ့တွင် ဖွင့်လိုက်ကြောင်း သိရသည်။

 

ယနေ့ ဧပြီလ(၄)ရက်နေ့တွင် ပန်ဟတ်ပြည်သူ့စစ်(မိုင်းကိုးပြည်သူ့စစ်အဖွဲ့)ခေါင်းဆောင် ဦးကျလော နှင့် အဖွဲ့သည် မိုင်းကိုးကျေးလက်ကျန်းမာရေးဌာနသို့ ရောက်ရှိလာပြီး တံခါးတွင် ခတ်ထားသည့် သော့ခလောက်အား သံဖြတ်ကတ်ကြေးဖြင့် ဖျက်ဆီးပြီး ကျန်းမာရေးဌာနကို ဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်။

တံခါးသော့အား ဖျက်စီးနေစဉ်

မိုင်းကိုးကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းအားလုံးမှာ စစ်အာဏာရှင်စနစ်ကို မလိုလား၍ အာဏာဖီဆန်ပြီး CDM လုပ်ဆောင်ကာ ကျန်းမာရေးဌာနကို သော့ခတ်၍ ပိတ်ထားခဲ့ခြင်း ဖြစ်သည်။

မိုင်းကိုးကျေးလက်ကျန်းမာရေးဌာနတွင် ရောက်ရှိလာသည့် သားဖွားဆရာမဆိုသူမှာ ပန်ဟတ်ပြည်သူ့စစ်(မိုင်းကိုးပြည်သူ့စစ်အဖွဲ့)ခေါင်းဆောင် ဦးကျလော၏ မွေးစားသမီးဖြစ်သူ သားဖွားဆရာမ ဒေါ်အိအိသိန်း ဆိုသူဖြစ်ပြီး ၎င်းအား မိုင်းကိုးကျေးလက်ကျန်းမာရေးဌာနတွင် ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင်ခန့်ထားခြင်း မဟုတ်ဘဲ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ် စစ်ဗျူဟာမှူးထံ အသနားခံတင်ပြီး ပြောင်းရွှေ့လာသူဖြစ်ကြောင်း သိရသည်။

 

"ပြည်သူ့အစိုးရအုပ်ချုပ်တဲ့ ခေတ်ကာလမှာ စစ်တပ်ကို ပြောပြီး ရာထူး တာဝန်တွေ ပြောင်းရွှေ့လုပ်တာ မရှိခဲ့ဘူး။ အခု အာဏာသိမ်းကာလမှာ ဒီလိုတွေဖြစ်လာတယ်။"ဟု တာချီလိတ်မြို့ပေါ်မှာ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

နိုင်ငံတော်အား စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ကျန်းမာရေးဝန်ထမ်းများအားလုံး နီးပါး စစ်အာဏာကို ဖီဆန်ကာ CDM လုပ်ဆောင်ကြရာတွင် တာချီလိတ်မြို့၏ မိုင်းကိုးကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများအားလုံး အပါအဝင်ဖြစ်ပြီး မိုင်းကိုးကျေးလက်ကျန်းမာရေးဌာနအား ပြန်ဖွင့်လှစ်ရေး နှင့် ကျန်းမာရေးဝန်ထမ်းများ လုပ်ငန်းပြန်ဝင်ရေးကို တာချီလိတ်တပ်နယ် နှင့် မိုင်းကိုးပြည်သူ့စစ်အဖွဲ့တို့က ဖိအားပေးခြိမ်းခြောက်မှုများ လုပ်ဆောင်ကြောင်း သိရသည်။



"CDM စလုပ်ပြီး နည်းနည်းကြာတော့ ဆေးခန်ပြန်ဖွင့်ဖို့ သူတို့ကို လာပြောတယ်၊ ပြည်သူ့စစ်အဖွဲ့က CDM ဆက်လုပ်မယ်ဆိုရင် ကျေးရွာထဲမှာ လုံခြုံရေး မပေးနိုင်ဘူး၊ စစ်တပ်က လာဖမ်းရင်လည်း ကာကွယ်မပေးနိုင်ဘူး။ CDM မလုပ်ဘဲ ဆေးခန်းပြန်ဖွင့်မယ်ဆိုရင်တော့ လုံခြုံရေးလည်း ပေးနိုင်တယ်၊ စစ်တပ်က လာစစ်ရင်လည်း ကာကွယ်ပေးလို့ရတယ်ဆိုပြီး ခဏခဏ အဲ့လို ပြောဆို လာခြိမ်းခြောက်တာတွေရှိခဲ့တယ်၊ အဲ့ဒါကြောင့်လည်း ဆရာမတွေ အခု ဒီမှာ မရှိကြတော့ဘူး တခြားမှာ သွားနေကြတယ်"ဟု မိုင်းကိုးကျေးရွာအုပ်စုအတွင်းနေ အမျိုးသမီးတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဧပြီလ(၄)ရက်နေ့တွင် ပြောသည်။

တာချီလိတ်မြို့နယ်အတွင်း အချို့ကျေးရွာအုပ်စုများရှိ ကျေးလက်ကျန်းမာရေးဌာနများကို ပြန်ဖွင့်ရေး ဖိအားပေးခြိမ်းခြောက်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ပြည်သူ့စစ်တပ်ဖွဲ့ဝင်များသည် စစ်တပ်၏ လက်အောက်ခံများဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံးလက်အောက်တွင် ရှိသည်။