မြန်မာ - လာအိုချစ်ကြည်ရေးတံတားမှ တဆင့် စက်သုံးဆီ တင်ပို့ခွင့်အား Transit Trade စနစ်ဖြင့်သာ ခွင့်ပြု

မြန်မာ - လာအိုချစ်ကြည်ရေးတံတားမှ တဆင့် စက်သုံးဆီ တင်ပို့ခွင့်အား Transit Trade စနစ်ဖြင့်သာ ခွင့်ပြု
ဖေဖော်ဝါရီ 8, 2020
By Tachileik News Agency

မြန်မာ - လာအိုချစ်ကြည်ရေးတံတားမှ တဆင့်  စက်သုံးဆီ တင်ပို့ခွင့်အား Transit Trade စနစ်ဖြင့်သာ ခွင့်ပြု

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်ရှိ မြန်မာ - လာအို ချစ်ကြည်ရေးတံတား  နှင့် ဝမ်ပုံဆိပ်ကမ်းများမှ တစ်ဆင့် စက်သုံးဆီရောင်းချခွင့် ပြုခဲ့ရာတွင် မြန်မာ-လာအိုတံတားမှ တင်ပို့မည့်စက်သုံးဆီများကို Transit Trade(တဆင့်ဖြတ်သန်းကုန်သွယ်ခြင်း)ဖြင့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၁၀) ရက်နေ့က စတင် ပြောင်းလဲခွင့်ပြုထားကြောင်း သိရသည်။

တာချီလိတ်မြို့တွင်း အသုံးပြုရန်အတွက် စက်သုံးဆီများကို ထိုင်းနိုင်ငံမှတင်သွင်းနေပြီး လက်ရှိအချိန်တွင် လာအိုနှင့် တရုတ်နိုင်ငံမှ သင်္ဘောများမှ စက်သုံးဆီ လိုအပ်ချက်များကြောင့် ကျိုင်းလပ်မြို့နှင့် ဝမ်ပုံဆိပ်ကမ်းများမှ တစ်ဆင့် လုပ်ငန်းရှင်များကို Re-Export စနစ်ဖြင့် ပြန်လည်ရောင်းချခွင့်ကို ခွင့်ပြုခဲ့သော်လည်း ကျိုင်းလပ်မြို့ရှိ မြန်မာ-လာအို ချစ်ကြည်ရေးတံတားမှတဆင့် လာအိုနှင့် တရုတ်နိုင်ငံသို့ တိုက်ရိုက်ဖြတ်သန်းသယ်ဆောင်နိုင်သဖြင့် Transit Trade ဖြင့်သာ ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ 

ထိုင်းနိုင်ငံက သွင်းတယ်။ ကျွန်တော်တို့နိုင်ငံကို ရောက်တယ်။ ပြီးရင် လာအို (သို့မဟုတ်) တရုတ်ကိုဆက်သွားဖို့အတွက် ကျိုင်းလပ်တံတားကို Transit Trade တိုက်ရိုက်ပေးလိုက်တာဖြစ်တယ်။ ကုန်သည်လုပ်ငန်းရှင်တွေ အဆင်ပြေဖို့ လုပ်ငန်းစဉ်တွေ၊ လုပ်ငန်းနည်းစနစ်တွေကို အချိန်နဲ့တပြေးညီ ပြုပြင်ပြောင်းလဲခြင်းတွေကို ဝန်ကြီးဌာနကနေ စီစစ်ပြီးတော့ ခွင့်ပြုပေးနေတာပါ

ဟု တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းတာဝန်ခံ ညွှန်ကြားရေးမှူး ဦးဝင်းလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

၂၀၁၅ ခုနှစ် ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေကိုပြင်ဆင်ရာတွင် Transit Trade ကိုထည့်သွင်းခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် ထပ်မံပြင်ဆင် ရေးဆွဲခဲ့ပြီး ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် အိန္ဒယနိုင်ငံမှတဆင့် မြန်မာနိုင်ငံကို ဖြတ်သန်းပြီး တရုတ်နိုင်ငံသို့ အလှကုန်ပစ္စည်းကုန်ကြမ်းများ တင်ပို့နေကြောင်း သိရသည်။       

ဒီ Transit Trade လုပ်တဲ့အချိန်မှာ အကောက်ခွန်ဦးစီးဌာနရဲ့ ကြီးကြပ်ကွပ်ကဲမှုနဲ့ သွားတာပါ။ ဝင်ပေါက်တစ်ခုက ဝင်လာမယ်။ ကျွန်တော်တို့ ချိပ်စည်းထိုးမယ်။ ဟိုဘက်ဝင်ပေါက်ရောက်တော့မှ ချိပ်စည်းမပျက်မှ ခွင့်ပြုပေးတာဖြစ်ပါတယ်။ နောက်ပိုင်းမှာ ကျွန်တော်တို့ e-lock တွေပါသုံးတော့မယ်။ ကွန်တိန်နာဘောက်တွေ၊ ကွန်တိန်နာထရပ်တွေနဲ့ ဆောင်ရွက်ဖို့ ပြင်ဆင်နေပါပြီ။ ကုန်သွယ်ရေးဦးစီးဌာနက Transit Trade အတွက်အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားပါတယ်။ ကျွန်တော်တို့အကောက်ခွန်က သွင်းလာတဲ့ကုန်ပစ္စည်းပေါ်မှာ (၂.၅) ရာခိုင်နှုန်းကို ကျွန်တော်တို့အကောက်ခွန်က အခွန်စည်းကြပ်ကောက်ခံပါတယ်

ဟု အကောင်ခွန်ဦးစီးဌာန ဒုတိယပြည်နယ်မှူး ညွှန်ကြားရေးမှူး ဦးမောင်မောင်လွင်က ပြောသည်။

လက်ရှိ အချိန်တွင် မဲခေါင်မြစ်ကြောင်းအတွင်း သွားလာနေသည့် တရုတ်နိုင်ငံမှ သင်္ဘောများနှင့် လာအိုနိုင်ငံမှ သင်္ဘောများကို ထိုင်းနိုင်ငံမှ စက်သုံးဆီရောင်းချမှု မရှိတော့သည့် အတွက် မြန်မာကုန်သည်များအနေဖြင့် ထိုင်းနိုင်ငံမှ စက်သုံးဆီကို ဝမ်ပုံဆိပ်ကမ်းနှင့် ကျိုင်းလပ်ဆိပ်ကမ်းများမှ တစ်ဆင့် ရောင်းချခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~