ရပ်/ကျေးအုပ်ချုပ်ရေးမှူး မဲပေးရွေးချယ်ခွင့် မဆုံးရှုံးစေရေး သန်းခေါင်စာရင်း လုပ်ဆောင်ကြရန် မြို့နယ် အုပ်ချုပ်ရေးမှူးတိုက်တွန်း

ရပ်/ကျေးအုပ်ချုပ်ရေးမှူး မဲပေးရွေးချယ်ခွင့် မဆုံးရှုံးစေရေး သန်းခေါင်စာရင်း လုပ်ဆောင်ကြရန် မြို့နယ် အုပ်ချုပ်ရေးမှူးတိုက်တွန်း
ဇန်နဝါရီ 16, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအသီးသီးတွင် မကြာမီရွေးချယ်မည့် ရပ်ကွက်အုပ်ချုပ်ရေးအသစ်များကို မဲပေးနိုင်ရန်အတွက် သန်းခေါင်စာရင်း မရှိသေးသူများ အချိန်မီ လုပ်ဆောင်ထားကြရန် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးက တိုက်တွန်းထားသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးကိစ္စက အိမ်ထောင်စုကို အခြေခံတာပေါ့။ အိမ်ခြေကို အခြေမခံဘူး။ အိမ်ထောင်စုစာရင်း (သန်းခေါင်စာရင်း) မရှိရင် မဲပေးလို့မရဘူး။ ရွေးကောက်ပွဲနဲ့ မတူဘူး။ ရွေးကောက်ပွဲက ဒီမှာ ရက်ပေါင်း (၉၀) တို့ ဘာတို့နေပြီးရင် မဲပေးဖို့လျှောက်လို့ရတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးကိစ္စက တာချီလိတ် သန်းခေါင်စာရင်း မရှိရင် မဲပေးလို့ရမှာ မဟုတ်ဘူး။ နောက်တစ်ခုက အရင်က ဆန်ဆိုင်း(ခ)ရပ်ကွက်နေခဲ့လို့ သန်းခေါင်စာရင်းက ဆန်ဆိုင်း(ခ)ဖြစ်မယ်။ လက်ရှိ ဖန်မင်မှာနေတယ်ဆိုရင် ဖန်မင်မှာ ပေးလို့မရဘူး။ ဆန်ဆိုင်း(ခ)မှာ သွားပေးရမယ်။ သန်းခေါင်စာရင်းရှိဖို့လိုသလို သက်ဆိုင်ရာ ရပ်ကွက်သန်းခေါင်စာရင်း ဖြစ်ဖို့လိုတယ်

ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီမှတစ်ဆင့် တာချီလိတ်မြို့နယ်တွင်း နေထိုင်သူများအား ပြောသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခြင်းကို အသစ်ပြဌာန်းလိုက်သည့် နည်းဥပဒေအရ ပြုလုပ်ရမည်ဖြစ်ရာ နည်းဥပဒေသစ်အရ ပြောင်းလဲသွားသည့် လုပ်ငန်းစဉ်များကို အများပြည်သူသိရှိနိုင်ရေးအတွက် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ တတိယပတ်မှစတင်ပြီး ရပ်ကွက်များအလိုက် အသိပညာပေးဟောပြောပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အသစ်ပြဌာန်းလိုက်သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး နည်းဥပဒေသစ်အရ ရပ်ကွက်/ ကျေးရွာအတွင်း နေထိုင်သည့် အိမ်ထောင်စုများမှ သန်းခေါင်စာရင်းရှိ အိမ်ထောင်စုများကသာ မဲပေးရွေးချယ်ခွင့်ရမည်ဖြစ်သည့်အပြင် သန်းခေါင်စာရင်းရှိ အိမ်ထောင်စု တစ်စုစီမှ အိမ်ထောင်စု ကိုယ်စားလှယ် တစ်ဦးစီကသာ မဲပေးခွင့်ရမည်ဖြစ်သည်။

မဲပေးခွင့်ရမည့် အိမ်ထောင်စုကိုယ်စားလှယ်များစာရင်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဇန်နဝါရီလကုန်ပိုင်းတွင် ကောက်ယူမည်ဖြစ်ကြောင်း သိရပြီး အိမ်ထောင်စုကိုယ်စားလှယ်အဖြစ် အမည်စာရင်းပေးထားသူမှလွဲ၍ အခြားသူများ လာရောက်မဲပေးခွင့် မရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် လူစားလဲခွင့်လည်း ရမည်မဟုတ်ကြောင်း သိရသည်။



Tachileik News Agency

သတင်း - ဟန်စိုးထိုက်

ဟန်စိုးထိုက်သည် Tachileik News Agency ၏ အယ်ဒီတာဖြစ်သည်။