ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် ရက်ပေါင်း (၅၀)အတွင်း Covid-19 ကူးစက်ခံထားရသူ (၉၀၀၀)နီးပါးရှိနေ

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် ရက်ပေါင်း (၅၀)အတွင်း Covid-19 ကူးစက်ခံထားရသူ (၉၀၀၀)နီးပါးရှိနေ
ဇူလိုင် 29, 2021 | Covid-19| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း Covid-19 တတိယလှိုင်းတွင် ဇူလိုင်လ(၂၈)ရက်နေ့အထိ ရက်ပေါင်း (၅၀)ရက်အတွင်း Covid-19 ကူးစက်ခံရသူ (၉,၀၀၀)နီးပါးရှိလာရာ အများဆုံး ကူးစက်ခံထားရသည့် မြို့နယ်မှာ လောက်ကိုင်မြို့နယ်က (၃,၀၀၀)ကျော် ပါဝင်ကြောင်း သိရသည်။

လောက်ကိုင်မြို့နယ်တွင် အများဆုံးအဖြစ် (၃,၀၅၇)ဦး အထိရှိပြီး ဒုတိယအနေဖြင့် လားရှိုးမြို့နယ်က (၁,၆၂၄)ဦးအထိ၊ နောင်ချိုမြို့နယ်က (၈၀၄)ဦး၊ နမ့်ခမ်းမြို့က (၆၂၃)ဦး၊ မူဆယ်မြို့က (၆၀၀)ကျော်၊ သီပေါမြို့က (၅၈၁)ဦး၊ ကျောက်မဲမြို့က (၃၀၀)ကျော်၊ တန့်ယန်းမြို့က (၂၂၀)ကျော်၊မိုးမိတ်မြို့က (၁၄၁)ဦးရှိကြပြီး  နမ္မတူမြို့တွင် (၁၂၁)ဦး၊ မဘိမ်းမြို့တွင် (၉၇)ဦး၊ ကွမ်းလုံမြို့တွင် (၉၁)ဦး၊ ဟိုပန်မြို့တွင် (၈၅)ဦး၊ မိုင်းရယ်မြို့တွင် (၈၀)ဦး၊ သိန္နီမြို့တွင် (၄၁)ဦး၊ နမ့်ဆန်မြို့တွင် (၅၂)ဦး နှင့် မန်တုံမြို့တွင် (၁၄)ဦးရှိနေရာ(၁၈)မြို့နယ်စုစုပေါင်း (၈,၉၀၀)ကျော် နှင့် သေဆုံးသူမှာ (၂၀၀)ကျော်ရှိကြောင်း ရွှေဖီမြေသတင်းဌာန၏ ဖော်ပြထားချက်အရ သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင်း ဇူလိုင်လ(၂၈)ရက်နေ့အထိ Covid-19 ကြောင့် သေဆုံးမှု မရှိသေးသည့် မြို့များမှာ မိုင်းရယ်၊ သိန်းနီ၊ နမ့်ဆန် နှင့် မန်တုံမြို့တို့သာ ကျန်တော့ကြောင်း နှင့် လက်ရှိအချိန်အထိ Covid-19 ပိုးမတွေ့သေးသည့် မြို့များမှာ ကုန်းကြမ်း၊ ပန်ဆန်း၊ မိုင်းမော၊ နားဖန်း၊ ပန်ဝိုင် နှင့် မက်မန်းမြို့တို့ဖြစ်ကြောင်းလည်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း၌ Covid-19 ထိန်းချုပ်ရေးအတွက်ဟုဆိုကာ Stay at Home အဖြစ် သတ်မှတ်ထားသည့် မြို့နယ်များမှာ လားရှိုး၊ လောက်ကိုင်၊ နောင်ချို၊ သီပေါ နှင့် မူဆယ်မြို့တို့ ပါဝင်ကြောင်း သိရသည်။