ရှမ်းပြည်မြောက်ပိုင်းရှိ အလယ်ရဲရွာရေအားလျှပ်စစ်စီမံကိန်း နှင့် ပတ်သက်၍ လူထုကို ရှင်းလင်း

ရှမ်းပြည်မြောက်ပိုင်းရှိ အလယ်ရဲရွာရေအားလျှပ်စစ်စီမံကိန်း နှင့် ပတ်သက်၍ လူထုကို ရှင်းလင်း
ဇန်နဝါရီ 22, 2020
By Tachileik News Agency
ရှမ်းပြည်မြောက်ပိုင်းရှိ အလယ်ရဲရွာရေအားလျှပ်စစ်စီမံကိန်း နှင့် ပတ်သက်၍ လူထုကို ရှင်းလင်း

ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ မြစ်ငယ်မြစ်၊ နမ္မတူမြစ်ပေါ်တွင် ၂၀၂၁ ခုနှစ်အတွင်း ဆောင်ရွက်မည့် အလယ်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုအကျိုးစီးပွားအပေါ် သက်ရောက်မှု ဆန်းစစ်ချက်များနှင့် ပတ်သက်၍ တာဝန်ရှိသူများက ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၂) ရက်နေ့တွင် ဒေသလူထုကို ရှင်းလင်းသည်။

အဆိုပါ အလယ်ရဲရွာရေအားလျှပ်စစ်စီမံကိန်းကို နော်ဝေနိုင်ငံမှ အပြည်ပြည်ဆိုင်ရာ ပြည့်ဖြိုးမြဲစွမ်းအင် ဆိုင်ရာ ကုမ္ပဏီဖြစ်သည့် SN Power က ဆောင်ရွက်နေခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး သုတေသန ဌာနနှင့် မြန်မာနိုင်ငံရေအားလျှပ်စစ်ဆိုင်ရာ နိုင်ငံတော်အကြံပေးအဖွဲ့က ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်သည်ဟု သိရသည်။

" ရှမ်းပြည်နယ်မှာဆိုရင် အောက်ရဲရွာ ရေလှောင်တမံနဲ့ ၂၀၁၀ ခုနှစ်ကနေ အခုထိ တည်ဆောက်နေဆဲဖြစ်တဲ့ အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းဆိုတာလည်း ရှိပြီးသားပါ။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေက ၂၀၁၂ ခုနှစ်လောက်မှ ထွက်တာဆိုတော့ အဲဒီရှေ့ကစီမံကိန်းတွေက ပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာ လေ့လာချက်တွေကို တိတိကျကျ မလုပ်ခဲ့နိုင်ဘူး။ အခု အလယ်ရဲရွာစီမံကိန်းမှာကျတော့ ပတ်ဝန်းကျင် ထိန်းသိမ်းခြင်းဆိုင်ရာ ဥပဒေတွေလည်း ရှိလာပြီဖြစ်တဲ့အတွက် ပတ်ဝန်းကျင်ထိခိုက်မှု လျော့ကျစေဖို့ရယ်၊ ဖြစ်လာမယ့် ဆိုးကျိုးတွေကို ဘယ်လို ဖြေရှင်းရမလဲဆိုတာတွေကို ကြိုသိပြီး ပြင်ဆင်ဆောင်ရွက်ပေးနိုင်ပြီ ဖြစ်ပါတယ် " 

ဟု အလယ်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံရေအားလျှပ်စစ်ဆိုင်ရာ နိုင်ငံတော်အကြံပေးဖြစ်သည့် ဒေါက်တာဝင်းမြင့်က ပြောသည်။

အောက်ရဲရွာရေလှောင်တမံနှင့် အထက်ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းတို့အကြား ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နောင်ချိုမြို့နယ်၊ ကျောက်မဲမြို့နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ရပ်စောက်မြို့နယ်တို့ကြားတွင် အလယ်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မည်ဖြစ်၍ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းနှင့် စီမံကိန်း ဖြစ်မြောက်နိုင်စွမ်း လေ့လာဆန်းစစ်ချက် အစီရင်ခံစာများကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လက သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ တင်ပြထားပြီးဖြစ်သည်ဟု သိရသည်။

ရေအားလျှပ်စစ် စီမံကိန်း ဧရိယာအတွင်း ကျရောက်မည့် မြစ်တစ်လျှောက်ရှိ တော၊ တောင်၊ သစ်ပင်၊ ရှားပါး အပင်များ၊ ဇီဝမျိုးစိပ်များ၊ ဒေသခံများ၏ မြေများ၊ လက်ရှိသွားလာနေသည့် လမ်းများ၊ တံတားများနှင့် ပတ်သက် ၍  အမှန်တစ်ကယ်စီမံကိန်းစတင်ပါက SN Power က ဆောင်ရွက်ပေးမည့် လုပ်ဆောင်ချက်များကို တင်ပြ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

စီမံကိန်းအားတည်ဆောက်မည့် SN Power နှင့် မြန်မာနိုင်ငံဘက်စုံဖွံ့ဖြိုးတိုးတက်ရေး သုတေသနဌာနတို့၏ လေ့လာဆန်းစစ်ထားချက်များအရ စီမံကိန်းကြောင့်ဖြစ်ပေါ်လာနိုင်သည့် ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှု များ၊  လူမှုရေးဆိုင်ရာသက်ရောက်မှုများနှင့် အဆိုပါသက်ရောက်မှုများလျော့နည်းစေရန် လုပ်ဆောင်ရမည့် အချက်များ၊  ဒေသခံပြည်သူလူထုဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပံ့ပိုးပေးခြင်း/ အကျိုးရလဒ်များကိုလည်း ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ လူမှုကူညီရေးအဖွဲ့များ အပါအဝင် လူဦးရေ (၁၀၀ ) ခန့် တက်ရောက်ဆွေးနွေးခဲ့သည်ဟု သိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ နေဖြိုးမြင့်


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~